30/08/2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ်ကို ကျော်လွန်ကာ ဆက်လက်မြင့်တက်လာနေသဖြင့် ဒေသခံပြည်သူများ အရေးပေါ်ပြောင်းရွှေ့နေထိုင်ရပြီး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရကြောင်း သိရှိရပါသည်။
ဩဂုတ်လ ၃၀ ရက်နေ့ တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေသည် အန္တရာယ်ရေအမှတ် ၂၄ ပေကို ကျော်လွန်ကာ ၂၄ ပေ ၆ လက်မအထိ ရောက်ရှိလာခဲ့သည်။ မြစ်ရေကြီးဆင်းလာမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ရေဝင်ရောက်လာပြီး လက်ရှိအချိန်အထိ ကယ်ဆယ်ရေးစခန်း ၅ ခုအထိ ဖွင့်လှစ်ထားကာ ထိခိုက်ခံစားရသည့် ဒေသခံပြည်သူ ၇၀၀ ကျော်ကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းနေရာချထားပေးလျက်ရှိသည်။ သို့သော်လည်း ထိခိုက်ခံစားရသူများစာရင်းကို ဆက်လက်ကောက်ယူဆဲဖြစ်သဖြင့် စာရင်းအချက်အလက်များ အပြီးသ,,,တ် မငြိမ်သေးကြောင်း တာဝန်ရှိသူများက ဆိုသည်။
ထို့အပြင် မြစ်ရေမြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံအောက်ပိုင်းကို ဆက်သွယ်ထားသည့် ပြည်ထောင်စုကားလမ်းမကြီးပေါ်သို့ မြစ်ရေ ၃ ပေကျော်အထိ ဝင်ရောက်ကျော်လွန်နေပြီဖြစ်သည်။ ယင်းသို့ ရေကျော်နေခြင်းကြောင့် ခရီးသည်တင်ကားကြီးများမှလွဲ၍ အခြားခရီးသည်တင် ကားငယ်များနှင့် မော်တော်ယာဉ်ငယ်များမှာ သွားလာ၍မရတော့ဘဲ လမ်းခရီးသွားလာမှုများပါ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
#တနင်္သာရီမြစ်ရေကြီး #တနင်္သာရီမြို့နယ် #မြန်မာ့သတင်း #သဘာဝဘေးအန္တရာယ် #ကယ်ဆယ်ရေးစခန်း