16/11/2017
............... Celebrity With Pearl ...................
ရတနာဗဟုသုတ အနေဖြင့် ဖော်ပြပေးမှာက ..ပုလဲ ဝယ်မယ် ဆိုလျှင်
===========
ပုလဲကို ရေငန်တွင်နေသော ကနုကမာ(မုတ်ကောင်) မှလည်းကောင်း ၊ ရေချိုတွင် နေသော ယောက်သွား (ဂုံးကောင်) မှလည်းကောင်း ထုတ်လုပ်ရရှိသည်။ ပုလဲဖြစ်ပေါ်လာပုံမှာ ကနုကမာကောင်၏ ကိုယ်တွင်းသို့ သဲစေ့ ၊ ကျောက်စလစ်ခဲလေးများ ဝင်ရောက်သွားရာမှ ကနုကမာကောင်များမှာ စလုံစခု ဖြစ်လာ၍ ခန္ဓာကိုယ်မှ အရည်ကြည်များထုတ်၍ ထိုသဲစေ့လေးများအား ဖုံလွှမ်းစေသည်။ အမတေပုလဲဖြစ်လာပြီး ၊ လူတို့၏ လက်ဝတ်ရတနာဖြစ်သော ပုလဲလုံးလေးများ ဖြစ်လာသည်။ သို့ဖြစ်၍ ပုလဲသည် တွင်ထွက်ကျောက်မျက် မဟုတ်ဘဲ ၊ သဘာဝ ပုလဲ ဖြစ်လာသည်။ ထိုသို့ ပုလဲလုံး တစ်လုံးဖြစ်လာရန်မှခြောက်လ မှ ခုနစ်နှစ် အတွင်း ကြာသည်။
မြန်မာနိုင်ငံ၏ မြိတ်ကျွန်းစုများတွင် မွေးပုလဲ လုပ်ငန်း အဓိက လုပ်ကိုင်ကြသည်။ ယခု ပုလဲ ကျွန်းဟုခေါ်သော ဆာဂျေမယ်လကွန်ကျွန်းပေါ်တွင် ကမ္ဘာပေါ်၌ သက်တမ်း အရင့်ဆုံးသော တောင်ပင်လယ် ပုလဲ လုပ်ငန်းရှိသည်။ ၁၉၅၄ ခုနှစ်တွင် ဂျပန်တို့က တည်ထောင်ခဲ့ပြီး ၊ ယခုအခါ သတ္တုတွင်း လုပ်ငန်းအောက်ရှိ မြန်မာ့ပုလဲ မွေးမြူရေးလုပ်ငန်းက ဆက်လက် လုပ်ကိုင်လျက်ရှိသည်။ အခြားပုလဲ အမျိုးအစားများကို မြန်မာ နိုင်ငံ အတွင်းသို့ တင်ပို့ကြသည်။
မီလို ပုလဲ (အုန်းပုလဲ)
မြန်မာနိုင်ငံတွင် အုန်းပုလဲဟု လူသိများသည်။ ကမ္ဘာပေါ်တွင် အရှားပါးဆုံး ပုလဲ ဖြစ်ပြီး မီလိုမီလို ပင်လယ်ခရုမှ ထုတ်လုပ်သည်။ ယင်းတို့သည် လိမ္မော်ရောင်မှ အညိုရောင်ဖျော့ဖျော့ အထိရှိသည်။ မီလို မီလို ခရုကို ရခိုင်ကမ်းခြေ ၊ ထားဝယ် ၊ မြိတ် ကျွန်းစုများနှင့် ယိုးဒယားကမ်းခြေဘက်အနီး ကော့သောင်းတွင် တွေ့ရှိရသည်။ လိမ္မော်ရောင် မီလိုပုလဲကို မီလို ခရုခွံ ထောင်ပေါင်းများစွာ ထဲတွင် တစ်ခုသာ တွေ့နိုင်ချေ ရှိသည်။
ပုလဲတု
ပုလဲတုကို ကနုကမာ ၊ ပင်လယ် ခရုကြီးမျိုး ၊ ဖန်ကဲ့သို့ အကြေးခွံ့များ ရှိသည့်ငါး (အစန် ဒီအိုးရီးယန့်- essence d’Orient) မှ ဖန်တီးနိုင်သည်။ ယင်းတို့သည် အလေးချိန်မတူညီ ကြပေ။ ပုလဲ အစစ်ကဲ့သို့လည်း ချောမွေ့မှု မရှိ။ အရောင်စို ခြင်းလည်း မရှိ။ ပုလဲ အတု နှင့် ပုလဲ အစစ် ခွဲခြားသိရှိရန် အကောင်းဆုံး စမ်းသပ်နည်းမှာ သွားဖြင့် ကိုက်ကြည့်ခြင်း ၊ ပုလဲကို ညင်သာစွာ သွားဖြင့် ကိုက်ကြည့်ပါ။ ချောမွေ့သည့် အထိအတွေ့ ခံစားရပါက အတုဖြစ်ပြီး ၊ ရှတတ ကြမ်းတမ်းတမ်း ခံစားရပါက အစစ်ဖြစ်သည်။
ရေချိုပုလဲ နှင့် ရေငန်ပုလဲ တို့ ကွာခြားခြင်း
ရေချိုပုလဲသည် အရောင်စိုပြေ နူးညံ့သည်။ ရေငန်ပုလဲသည် အရောင်တောက်ပ၍ မှန်ရောင်ကဲ့သို့ ဖြစ်နေသည်။ ရေငန်ပုလဲသည် ရေချိုပုလဲထက် ပိုမို လုံးဝိုင်းသည်။
တန်ဖိုး
ရေငန်ပုလဲများသည် ရေချိုပုလဲများထက် ပိုမို တန်ဖိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့၏ အရောင်စိုပြေမှုနှင့် ပုံသဏ္ဍာန် လုံးဝန်ခြင်းကြောင့် ဖြစ်သည်။ ရေချိုပုလဲများကို အကြိမ်ပေါင်းများစွာ ထုတ်ယူနိုင်သော်လည်း ရေငန်ပုလဲ များမှာကား ရှားပါးသဖြင့်ပိုမို တန်ဖိုးကြီးသည်။ တောင်ပင်လယ် ပုလဲများသည် ဈေးပိုမို ကြီးသည်။ အဘယ်ကြောင့်ဆိုသော် ပိုမို မာကြော၍ အချိန်ကြာသောကြောင့်ဖြစ်သည်။
ပုံသဏ္ဍာန်
လုံးဝန်းသော ပုလဲများသည် ဈေးအမြင့်မားဆုံး ဖြစ်သည်။ သို့သော် ၁၇ ရာစု ဥရောပ လက်ထက်က ပုလဲမျိုး ကဲ့သို့သော ပုလဲများကိုမူ လုံးဝိုင်းခြင်း မရှိသော်လည်း ကြိုက်နှစ်သက်ကြသည်။
မျက်နှာပြင်
ပုလဲ၏ မျက်နှာပြင် ပိုမို ချောမွေ့ သန့်စင်လျှင် ပို၍ ကောင်းသည်။ ပုလဲသည် သဘာဝ ကျော်မျက် ရတနာ တစ်ပါးဖြစ်ပြီး တွင်းထွက် ကျောက်မျက်များကဲ့သို့ မြေမှထွက်ခြင်း မဟုတ်။ သို့သော် ပုလဲကို ရတနာ တစ်ပါးအဖြစ် ဝတ်ဆင်ရန်သတိပြုမိသည်မှာ မကြာလှသေးပေ။
အရောင်စိုပြေမှု
ညံ့ဖျင်းသော ပုလဲမျက်နှာပြင်သည် အရောင်စိုပြေခြင်း မရှိဘဲ အရောင်စိုပြေမှုအား ကောင်းလေ ဝယ်သူ မျက်စိကျလေ ဖြစ်သည်။ အရောင်စိုပြေမှု အကောင်းဆုံး အရည်အသွေးမှာ မှန်သားပြင် ကဲ့သို့ ချောမွေ့ကြည်လင်နေခြင်းဖြစ်သည်။
အရွယ်အစား
ပုလဲ၏ အရွယ်အစားကို ရွေးချယ်ရန် အကောင်းဆုံး ဥပဒေသ မှာ ၇မီလီမီတာ အရွယ်ဖြစ်ပြီး ၊ အမျိုးသမီးကြီးများ အတွက်ပိုမို ကြီးမားသည့် ပုလဲ ဝတ်ဆင်သင့်သည်။ အမျိုးသမီးငယ်များနှင့် ဆယ်ကျော်သက်များ အတွက်မူ အရွယ်အစား ပိုမို ငယ်သည့် ပုလဲမျိုးဝတ်ဆင်သင့်သည်။
Photo Credit
www.emerald-star.com