11/02/2020
ပြည်ထောင်စုနေ့ သမိုင်း
️၁၉၄၇ ခုနှစ် ပင်လုံစာချုပ်
=================
(12-2-1947)
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကော်မတီမှ
အဖွဲ့၀င်အချို့နှင့် စပ်ဖ များအားလုံးတို့အပြင်
ရှမ်းပြည်နယ်များ၊ ကချင်တောင်တန်းဒေသ
များနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စား
လှယ်များတို့တက်ရောက်ကြသော ပင်လုံမြို့တွင်
ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်း
အားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေး
ကို ပိုမို၍ လျင်မြန်စွာရရှိလိမ့်မည်ဟု အစည်းအဝေး
တက်ရောက်သူအဖွဲ့၀င်တို့သည် ကန့်ကွက်သူမရှိဘဲ
အောက်ပါအတိုင်း သဘောတူညီကြလေသည်။
၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့
(တစညဖ)၏ ကြိုးကိုင်အဖွဲ့ကိုယ်စား လှယ်များ ၏
ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်
စားလှယ် တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်
ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အ တွက်ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထား
ရမည်။
၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်
ကောင်စီတွင် ဌာနလက်ကိုင်မရှိကောင်စီ ၀င်တဦး
အဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်
များတွင် ထုံးနည်းဥပဒေရ အမှုဆောင်ကောင်စီ၏
အာဏာလက်အောက်သို့ ရောက်ရှိသည့် နည်းတူ
နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်
စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။
ဤ နည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ
အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကိုပေး
အပ်ရမည်။
၃။ အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်း
မတူသော ဒုတိရအတိုင်ပင်ခံနှစ်ဦးက ကူညီစေ
ရမည်။ ရှေးဦးစွာဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦး
တို့သည် ၎င်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ
၏ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံ
ပုဂ္ဂိုလ်မှာအခြားနယ်စပ်ဒေသအားလုံးတို့၏ကိစ္စရပ်
များကို ဆောင်ရွက်စေရန်ဖြစ်သည်။၎င်းတို့ ထုံးနည်း
ဥပဒေအရ တွဲဖက်တာ၀န်ယူရသည့်မူအတိုင်း ရွက် ဆောင်စေရမည်။
၄။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီ
တွင် အဖွဲ့၀င်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏
တဦးတည်းသောကိုယ်စားလှယ်အဖြစ် ပါ၀င်ရ မည်
ဖြစ်သော်လည်း ဒုတိရအတိုင်ပင်ခံပုဂ္ဂိုလ်များသည်
နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များ ကို
ဆွေးနွေးကြသည့် အခါ အမှုဆောင်ကောင်စီတွင်
တက်ရောက်နိုင်ခွင့်ရှိစေရမည်။
၅။ အထက်တွင်သဘောတူညီသည့်အတိုင်း ဘုရင်ခံ ၏အမှုဆောင်ကောင်စီကို…… တိုးချဲ့မည်ဖြစ်သော်
လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေး
တွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို
မည်သည့် နည်းနှင့်မဆို တစုံတရာလက်လွတ်စေ
ရန် အဆိုပါ ကောင်စီက ပြုလုပ်ခြင်းမရှိစေရ။
နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေး
တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေ
ရ မည်ဟူသောမူကို သဘောတူညီကြသည်။
၆။ ပူးပေါင်းထားပြီးသည့် ဤမြန်မာပြည်အတွင်း
သီးသန့်ကချင်ပြည်နယ်တခုနယ်နမိတ် သတ်မှတ်
၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွှတ်
တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီး
ခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘော
တူညီကြသည်။ ဤရည်ရွယ်ချက် ထမြောက်ရန်အလို့
ငှာပထမခြေလှမ်းအနေဖြင့်၁၉၃၅ ခုနှစ်မြန်မာနိုင်ငံ
တော်အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာ
ရင်းပါ အပိုင်း(၂)ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်
ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင်နယ်စပ်ဒေ
သအတိုင်ပင်ခံပုဂ္ဂိုလ်နှင့်…ဒုတိယအတိုင်ပင်ခံ
ပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။
၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည်
ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိ
အမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်
ခွင့်ရှိစေရမည်။
၈။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီ
အစဉ်မှာ ပဒေသရာဇ်ရှမ်းပြည်နယ် နယ်မြေစု
တွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်
ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်
ခြင်းမရှိစေရန်။
၉။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီ
အစဉ်မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင်
တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များ
က ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို
ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ်
ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး အစီအစဉ်များ
ကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများ
အတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်
သုံးရန်ဖြစ်နိုင်မည်မဖြစ်နိုင်မည်ကို ဘုရင်ခံ၏
အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိရအတိုင်ပင်ခံပုဂ္ဂိုလ်
တို့နှင့် အတူ စစ်ဆေးကြည့်ရှုရမည်။
#မြန်မာနိုင်ငံတော်အစိုးရ
(ပုံ) အောင်ဆန်း
#ကချင်ကော်မတီ
(ပုံ) ဆမားဒူဝါးဆင်ဝါးနောင်-- မြစ်ကြီးနား။
(ပုံ) ဇော်ရစ်-- မြစ်ကြီးနား။
(ပုံ) ဒိန်ရတန်-- မြစ်ကြီးနား။
(ပုံ) ဇော်လ---ဗန်းမော်။
(ပုံ) ဇော်လွန်း---ဗန်းမော်။
(ပုံ) လဗန်းဂရောင်း---ဗန်းမော်။
#ချင်းကော်မတီ
(ပုံ) ဦးလွှာမှုန်း အေတီအမ်၊ အိုင်တီအက်စ် အမ်၊ ဖလမ်း။
(ပုံ) ဦးသောင်ဇာခပ်--အေတီအမ်း၊ တီးတိန်။
(ပုံ) ဦးကွယ်မန်း--အေတီအမ်၊ ဟားခါး။
#ရှမ်းကော်မတီ
(ပုံ) ခွန်းပန်စိန်---တောင်ပိုင်းစပ်ဖလုံ။
(ပုံ) စပ်ရွှေသိုက်--ညောင်ရွှေစပ်ဖလုံ။
(ပုံ) စပ်ဟုံဖ--မြောက်ပိုင်းသိန္နီစပ်ဖလုံ။
(ပုံ) စပ်နွံ---လဲချားစပ်ဖလုံ။
(ပုံ) စပ်စံထွန်း--မိုင်းပွန်စပ်ဖလုံ။
(ပုံ) စပ်ထန်အေး--သာမိုင်းခမ်းစပ်ဖလုံ။
(ပုံ) ဦးဖြူ ---သထုံ စပ်ဖလုံ၏ ကိုယ်စားလှယ်။
(ပုံ) ခွန်းဖုံး--မြောက်ပိုင်း သိန္နီ
(ပုံ) ဦးတင်ဧ
(ပုံ) ဦးထွန်းမြင့်
(ပုံ) ဦးကြာပု
(ပုံ) ဦးခွန်စော
(ပုံ) စပ်ရစ်ဖ
(ပုံ) ဦးခွန်ထီး တို့ဖြစ်ကြပါသည်။
#အရှင်နန္ဒမာလာ
mmo 🌐
Crd