08/08/2026
Credit
လူအများစုက ပိုက်သာဂိုရပ်စ်(Pythagoras) ကို သူ့နာမည်နဲ့ ကျော်ကြားတဲ့ သင်္ချာသီအိုရီကြောင့်သာ သိကြပါတယ်။ ဒါပေမယ့် သူနဲ့ ဆက်စပ်ပြီး ရာစုနှစ်များစွာ လူသိများခဲ့တဲ့ ထူးခြားတဲ့ ခွက်တစ်လုံးအကြောင်းကိုတော့ သိသူနည်းပါတယ်။
ဒီခွက်ကို ယနေ့ခေတ်မှာ Pythagoras Cup၊ Greedy Cup (လောဘခွက်) ဒါမှမဟုတ် Cup of Justice (တရားမျှတမှုရဲ့ခွက်) လို့ ခေါ်ကြတယ်။ အပြင်ပန်းကြည့်လိုက်ရင် သူ့ကို သာမန်ရေသောက်ခွက်တစ်လုံးလိုပဲ မြင်ရတယ်။ ဒါပေမယ့် အဲ့ဒါက ပထမအမြင်ပဲ ဖြစ်တယ်။
ခွက်အတွင်းမှာတော့ အလယ်တိုင်တစ်ခုကို လျှို့ဝှက်တပ်ဆင်ထားပြီး အဲ့ဒီတိုင်အတွင်းမှာ အလွန်တိကျစွာ ဒီဇိုင်းထုတ်ထားတဲ့ ဆိုက်ဖွန် (Siphon, *အရည်ကို ပိုက်တစ်ခုအတွင်းကနေ အမြင့်တစ်နေရာက အနိမ့်တစ်နေရာသို့ ဆွဲယူစီးဆင်းစေတဲ့နည်း)စနစ်တစ်ခု ပါဝင်နေတယ်။ အရည်ပမာဏက သတ်မှတ်ထားတဲ့ အမှတ်အသားအောက်မှာပဲ ရှိနေသရွေ့ အရာအားလုံးက ပုံမှန်အတိုင်း လုပ်ဆောင်နေပြီး ဘာပြဿနာမှ မရှိဘဲ သောက်သုံးနိုင်တယ်။ ဒါပေမယ့် အဲ့ဒီအမှတ်အသားကို နည်းနည်းလေးပဲ ကျော်ပြီး လောင်းလိုက်တဲ့အချိန်မှာတော့ ရူပဗေဒသဘောတရားက စပီး အလုပ်လုပ်ပါတော့တယ်။
အဲ့လို အမှတ်အသားကို ကျော်သွားတာနဲ့ Siphon စနစ်က ချက်ချင်းစတင် အလုပ်လုပ်ပြီး ခွက်ထဲက အရည်တစ်စက်မကျန် အောက်ခြေကနေ စုပ်ထုတ်ပစ်လိုက်တယ်။ ပိုရချင်လို့ အများထက် ပိုလောင်းထည့်ခဲ့သူဟာ နောက်ဆုံးမှာ ဘာတစ်ခုမှ မရတော့ဘဲ အားလုံးကို ဆုံးရှုံးသွားရတယ်။
ဒီလှည့်ကွက်က မှော်ပညာမဟုတ်ဘူး။ အင်ဂျင်နီယာတွေ ယနေ့အထိ အသုံးပြုနေဆဲဖြစ်တဲ့ ရိုးရှင်းတဲ့ သိပ္ပံသဘောတရားတစ်ခုအပေါ် အခြေခံထားတာဖြစ်တယ်။ ခွက်ထဲက အရည်ဟာ လျှို့ဝှက်ထားတဲ့ siphon ရဲ့ အမြင့်ဆုံးနေရာကို ကျော်သွားတာနဲ့ ဆွဲငင်အားရဲ့ သဘောတရားကြောင့် အရည်ဟာ အဆက်မပြတ် စီးဆင်းလာပြီး ခွက်အောက်ခြေကနေ အားလုံး စီးထွက်သွားတယ်။
ရွေ့လျားတဲ့ စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းလည်း မရှိဘူး။
မှော်အစွမ်းလည်း မဟုတ်ဘူး။
ပညာသားပါတဲ့ ဒီဇိုင်းတစ်ခုသာ ဖြစ်တယ်။
အစဉ်အလာအရတော့ Pythagoras ဟာ ဘီစီ ၆ ရာစုအတွင်း ဂရိနိုင်ငံ Samos ကျွန်းမှာ နေထိုင်စဉ် ဒီခွက်ကို ဖန်တီးခဲ့တယ်လို့ ဆိုကြတယ်။ ဒါပေမယ့် သူကိုယ်တိုင် တီထွင်ခဲ့တယ်ဆိုတာကိုတော့ တိတိကျကျ သက်သေပြနိုင်တာ မရှိသေးဘူး။ ဒါပေမယ့် ဒီခွက်ဟာ သူ့နာမည်နဲ့ ရာစုနှစ်များစွာ ဆက်စပ်လာခဲ့တာကတော့ သူ့ကျောင်းတော်ရဲ့ အတွေးအခေါ်နဲ့ အံဝင်ခွင်ကျ ဖြစ်နေလို့ပဲ ဖြစ်တယ်။
ဒီခွက်ပေးချင်တဲ့ သင်ခန်းစာက သင်္ချာအကြောင်း မဟုတ်ဘူး။ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်စွမ်းအကြောင်း ဖြစ်တယ်။ Pythagoras က မျှတမှု၊ ညီညွတ်မှုနဲ့ အလွန်အကျွံမလုပ်တဲ့ အလယ်အလတ်လမ်းစဉ်တွေဟာ လူတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရည်အချင်းတွေလို့ သင်ကြားခဲ့တယ်။
ဒီခွက်ဟာ အဲ့ဒီအတွေးအခေါ်ကို အလွန်ရှင်းလင်းတဲ့ နည်းလမ်းနဲ့ ပြသပေးတယ်။
ကိုယ့်အတွက် သင့်တော်တဲ့ပမာဏကိုပဲ ယူရင် ကျေနပ်မှုကို ရမယ်။
ကိုယ်လိုအပ်တာထက် ပိုယူဖို့ ကြိုးစားရင်တော့ နောက်ဆုံးမှာ ဘာမှ မကျန်တော့ဘူး။
ယနေ့ခေတ် သမိုင်းပညာရှင်တွေကတော့ ဒီခွက်ရဲ့ မူလဒီဇိုင်းဟာ Pythagoras ကိုယ်တိုင် လက်ထက်ကတည်းက ဖြစ်တယ်လို့ အတည်မပြုနိုင်သေးဘူး။ ယနေ့အထိ တွေ့ရှိထားတဲ့ ရှေးဟောင်းခွက်တွေဟာ နောက်ပိုင်းခေတ်တွေက ဖြစ်ပြီး ဒီပုံပြင်ဟာလည်း ရာစုနှစ်များစွာ ပြောဆိုလက်ဆင့်ကမ်းလာရင်း ပိုမိုကျယ်ပြန့်လာတာ ဖြစ်နိုင်တယ်လို့ ယူဆကြတယ်။ ဒါပေမယ့် ဒီခွက်ဟာ ရှေးခေတ် အင်ဂျင်နီယာပညာရဲ့ ထူးခြားတဲ့ နမူနာတစ်ခုအဖြစ် ယနေ့တိုင် သတ်မှတ်ခံထားရတယ်။
လက်ရှိအချိန်မှာလည်း Greedy Cup ပုံစံခွက်တွေကို ကမ္ဘာတစ်ဝန်းမှာ ရောင်းချနေဆဲ ဖြစ်တယ်။
ကလေးတွေကတော့ သူ့ရဲ့ လျှို့ဝှက်ယန္တရားကို တွေ့လိုက်ရတဲ့အခါ အံ့ဩသွားကြတယ်။ လူကြီးတွေကတော့ ဒီခွက်ပေးချင်တဲ့ သင်ခန်းစာဟာ နှစ်ပေါင်း ၂,၀၀၀ ကျော်ကြာတဲ့အထိ မပြောင်းလဲသေးဘူးဆိုတာကို သဘောပေါက်ပြီး ပြုံးမိကြတယ်။
တစ်ခါတလေမှာ အကောင်းဆုံး ဆရာဆိုတာ ရှည်လျားတဲ့ ဟောပြောချက်တစ်ခု မဟုတ်ဘူး။
လောဘကြီးခြင်းရဲ့ အပြစ်ဒဏ်ကို တိတ်တိတ်လေး သတိပေးနေတဲ့ ခွက်တစ်လုံးလည်း ဖြစ်တတ်တယ်။
Pythagoras ရဲ့ ခွက်ကို ယနေ့ ဂရိနိုင်ငံရဲ့ လူကြိုက်များတဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတစ်ခုအဖြစ် ရောင်းချနေကြသလို၊ siphon effect လို့ခေါ်တဲ့ သိပ္ပံသဘောတရားကို ရှင်းပြရာမှာလည်း အသုံးပြုကြတယ်။ ဒီသဘောတရားကို ယနေ့ခေတ် ရေပိုက်စနစ်တွေ၊ စိုက်ပျိုးရေး ရေသွင်းစနစ်တွေ၊ စက်မှုလုပ်ငန်းသုံး စက်ယန္တရားအချို့မှာပါ ဆက်လက်အသုံးပြုနေဆဲ ဖြစ်တယ်။ နှစ်ပေါင်း ၂,၅၀၀ ကျော် ကြာမြင့်သွားပြီဖြစ်ပေမယ့် ဒီရှေးဟောင်းဒီဇိုင်းဟာ ယနေ့တိုင် မူလရည်ရွယ်ချက်အတိုင်း အပြည့်အဝ အလုပ်လုပ်နေဆဲ ဖြစ်တယ်။မူလရည်ရွယ်ချက်အတိုင်း အပြည့်အဝ အလုပ်လုပ်နေဆဲ ဖြစ်တယ်။