14/05/2025
“ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်နှင့် သေခါနီးကာလ၌ အရေးကြီးပုံ”
====================
သက်တမ်းကုန်၍သေခြင်း
(Death due to the expiration of the age-limit)၊
ကံကုန်၍သေခြင်း(Death due to the expiration of the reproductive kammic force)၊
သက်တမ်း ကံ နှစ်ပါးကုန်၍ သေခြင်း (Death due to expiration of the both the age-limit and kamma၊
သက်တမ်းနှင့် ကံ နှစ်ပါးစုံ မကုန်သေး သော်လည်း ဥပဃာတကကံ ဝင်ဖြတ်၍ လတ်တလောသေခြင်း
(Death due to the intervention of a destructive kamma) ဆိုတဲ့ သေခြင်းအကြောင်းတရား လေးပါးတို့တွင် တစ်ပါးပါးကြောင့် သေရမည့်အချိန်သို့ ကပ်ရောက်လျှင် ကုသိုလ်ဇော စောနိုင်ရန် အလွန်းအရေးကြီးလှပါသည်။
သေသွားသောအချိန်၌ ကုသိုလ်ဇော စော၍ သေရလျှင် လူ နတ် ဗြဟ္မာဟူသော ကောင်းရာသုဂတိဘုံသို့ ရောက်ရသည်။
ထိုသို့မဟုတ်ဘဲ အကုသိုလ်ဇောစော၍ သေရလျှင် ငရဲ တိရစၦာန် ပြိတ္တာ အသူရကာယ်ဟူသော အပါယ်ဒုဂ္ဂတိဘုံသို့ လားရောက်ရလေသည်။
ထို့ကြောင့် နောင်တမလွန်၌ ကောင်းရာသုဂတိဘုံဘဝသို့ရောက်ဖို့အတွက် သေခါနီးကာလမှာ နိမိတ်ကောင်းရဖို့ အလွန်အရေးကြီးပါတယ်။
ထိုသေခါနီးကာလ၌ ကံအာရုံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုး ထင်လာတတ်လေသည်။
ယင်းနိမိတ်သုံးပါးသည် ကိုယ်သွားရမည့် ဘုံဘဝကို ခရီးသွားလမ်းညွှန်နှင့် တူလှ၏။
#ကံအာရုံထင်လာပုံ
ကံဟူသည် ကုသိုလ်ကံ၊ အကုသိုလ်ကံကို ဆိုလိုပေသည်။ ဤကံများသည် တခြားသူ က ပြုလုပ်သည်မဟုတ်၊ တခြားသူက ဖန်ဆင်းပေးခြင်းမဟုတ်၊ မိမိကိုယ်တိုင် ပြုလုပ်သည်သာ ဖြစ်၏။
မိမိက ကုသိုလ်အမှုပြုလုပ်ရင် ကုသိုလ်ကံ ဖြစ်လာ၏။ အကုသိုလ်အမှု ပြုလုပ်ရင် အကုသိုလ်ကံ ဖြစ်လာ၏။
သေခါနီးကာလ၌ စက္ကန့်၊ မိနစ်၊ နာရီဝက် အလိုတွင် မိမိအတိတ်က ပြုလုပ်ခဲ့သော ကုသိုလ်- အကုသိုလ်ကံတို့သည် အိပ်မက်၌ မြင်မက်လာသလို အာရုံ၌ ထင်လာ၏။
ကုသိုလ်အာရုံများ ထင်လာသောအခါ လောလောဆယ် သီလဆောက်တည် နေရ သလို၊ ကျေွးမွေးပေးကမ်းလှူဒါန်း နေရ သလို၊ တရားနာနေရသလို၊ တရားထိုင် နေရသလို၊ အစရှိသော ကောင်းသော အာရုံများ ထင်နေ၏။
အကုသိုလ်ကံအာရုံများ ထင်လာသည့်အခါ ပါဏာတိပါတကံ အမှုဖြစ်လျှင် လောလောဆယ် သတ်ဖြတ်နေရသလို၊ အဒိန္တွဒါနအမှုဖြစ်လျှင် လောလောဆယ် ခိုးနေရသလို၊ သူရာမေရယအမှုဖြစ်လျှင် လောလောဆယ်သောက်စားမူးယစ်နေရသလို အာရုံ၌ ထက်လာ၏။
ထိုသို့ အတိတ်က ပြုလုပ်ခဲ့သော အကုသိုလ် အမှုများ လောလောဆယ် ဖြစ်နေရသလို အာရုံ၌ ထင်လာခြင်းကို ကံအာရုံထင်သည် ဟု ခေါ်၏။
#ကမ္မနိမိတ်လာပုံ
ကမ္မနိမိတ်ဆိုသည်မှာ ကုသိုလ်၊ အကုသိုလ်ပြုခဲ့စဉ်က အသုံးပြုခဲ့သော အရာဝတၳုပစ္စည်းများကို ဆိုလိုပါသည်။
သေခါနီးအချိန်တွင် အကုသိုလ်အာရုံများ ထင်လာပါက ပါဏာတိပါတအရာ ဖြစ်နေလျှင် မိမိတို့အသုံးပြုခဲ့သော
တုတ်၊ ဓား၊ သေနတ်၊ ပိုက်ကွန်၊ လှံ၊ လေး၊ မြှား၊ စသော လက်နက်များ အာရုံ၌ ထင်လာ၏။
အဒိန္တွအမှု၊ ကာမအမှု၊ စသည်တို့၌လည်း ဤသို့ မကောင်းသော ဆိုင်ရာအာရုံများ ထင်၍လာလေသည်။
ကုသိုလ်အာရုံများ ထင်လာလျှင်လည်း ကုသိုလ်ကောင်းမှု ပြုလုပ်စဉ်က အသုံးပြုခဲ့ သော ထီး၊ တံခွန်၊ ပန်း၊ ဆီမီး၊ အမွှေးတိုင်၊ ဘုရားဆွမ်းတော်ကပ်သည့် ပန်းကန်ပြား၊ ကလပ်၊ ကျောင်း၊ ဆောင်းတန်း၊ ဘုရား၊ စေတီ၊ ဆွမ်း၊ သင်္ကန်း၊ ဆေး စသော အာရုံများ ထင်လာတတ်၏။
ဥပုသ်သီလဆောက်တည်သူ ကမ္မဋ္ဌာန်း အားထုတ်သူတို့မှာလည်း ၄င်းအာရုံတို့နှင့် ပတ်သတ်သော စိတ်ပုတီး၊ ကမ္မဋ္ဌာန်းတိုက် စသည့် အာရုံများ ထင်လာတတ်လေသည်။
#ဂတိနိမိတ်များထင်လာပုံ
ဂတိနိမိတ်ဆိုသည်မှာ သေပြီးနောက်မှာ တွေ့ကြုံရမည့် အဖြစ်အပျက်များ ကို ဆိုလိုပါသည်။
သေခါနီးကာလမှာ မိမိတို့ သွားရောက်ရ မည့် ဘုံဘဝများကို အာရုံ၌ ထင်လာ၏။ နတ်ပြည်သို့ သွားရောက်၍ ခံစားရမည့်သူ ဖြစ်လျှင် နတ်သမီး၊ နတ်သား၊ နတ်ဗိမာန်၊ နတ်ရထား၊ နတ်ဥယျာဉ်၊ ပဒေသာပင် စသည်တို့ကို ထင်လာ၏။
လူ့ပြည်သို့ ရောက်မည့်သူဖြစ်လျှင် အမိ ဝမ်းတွင်း၌ နီနီရဲရဲ အရောင်အဆင်းများ၊ ကလေးသူငယ်များ၊ စသည့် လူ့လောကနှင့် ပတ်သတ်သည့် အာရုံများ ထင်လာ၏။
ငရဲခန်းရောက်မည့်သူဖြစ်လျှင် ခွေးနက် ကြီး၊ ငရဲထိန်း၊ ငရဲမီးလျှံ၊ ငရဲခန်း၌ ခံစား နေရသော ငရဲသားများ၊ သံပူသံအိုးများ သံရည်ပူများ၊ အချွန်အတက်တွေပါသော သံဆူးများ၊ စသည်ဖြင့် ငရဲနဲ့ပတ်သတ် သည့် အာရုံများ ထင်လာ၏။
ပြိတ္တာဖြစ်မည့်သူဆိုလျှင် ပြိတ္တာတို့ နေရာ ဋ္ဌာနဖြစ်တဲ့ မြစ်ချောင်း၊ အင်းအိုင်၊ သစ်ပင်၊ တောတောင်၊ ပြိတ္တာတို့ရဲ့ အစားအသောက် ဖြစ်တဲ့ ချွဲ၊ သလိပ်၊ မစင်၊ ထမင်းလုံး ဟင်း ပေါက် စသည့်အာရုံများ ထင်လာ၏။
#အကောင်းအာရုံများထင်လာအောင် ပြုပြင်နည်း
ကျန်းမာရေးမကောင်း၍ သေမည်ဟု ထင်ရသော လူနာများကို ကောင်းသော အာရုံများ ဝင်လာအောင် ဆွေးမျိုးသားချင်း များက ပြုပြင်ပေးဖို့ လိုပါသည်။
တချို့သော သူတို့သည် လူနာများကို စိတ်တို အောင်၊ ဒေါသဖြစ်အောင်၊ နာကြည်း မုန်းတီးအောင်၊ အကုသိုလ်ပွားအောင် လုပ်တတ်ကြသည်။
အချို့သော သူတွေက ထိုသို့မဟုတ်၊ သေရ တော့မည့် လူနာ၏ဘေး၌ သားသမီးမြေး များက ချစ်ဟန်၊ သံယောဇဉ်ရှိဟန်ကို ပြသပြီး ချွဲချွဲပျစ်ပျစ် နေထိုင်တတ်ကြ၏။
ထိုအခါ သေရမည့်လူနာမှာ ဖြောင့်ဖြောင့် တန်းတန်း မသေနိုင်၊ သားသမီးမြေးမြစ် များ ၏ သံယောဇဉ်ကို မဖြတ်နိုင်၊ သေသွားရသည့် အခါ၌လည်း ထို သံယော ဇဉ် နွယ်အမျှင် နှောင်ကြိုးတန်းလန်း တွေ နှင့် သေကြရ၏။
ထိုသို့ ပြုလုပ်ခြင်းမှာ လွန်စွာမှ မှားယွင်း လေသည်။
အဘယ့်ကြောင့်ဆိုသော် ယင်းအကုသိုလ် ဖြင့် တမလွန်ဘဝ၌ အပါယ်သို့ ရောက်ရ လျှင် အစားထိုး၍ မရနိုင်လောက်အောင် နစ်နာသောကြောင့် ဖြစ်ပါသည်။
ယင်းသို့ မဖြစ်စေရန် ပထမဆုံးအနေနဲ့ လူမမာ၏ ဘေး၌ သန့်ရှင်းအောင် ပြုလုပ်ပြီး စိတ်ချမ်းသာအောင် ထားရပါ မည်။ ထို့နောက် တရားတိပ်ခွေများ ဖွင့်ပေးခြင်း၊ ဓမ္မစကြာတရားတော်၊ ပရိတ်ကြီး၊ ပဋ္ဌာန်းတရားများကို အသံသာသာဖြင့် ရွတ်ပေးခြင်း၊ ဆွမ်းတော် ပန်းတော် ကပ်၍ အဖေဆိုလျှင် အဖေ့ အတွက် လှူဒါန်းထားတာပါ။
အမေဆိုလျှင် အမေ့အတွက် လှူဒါန်းထားတာပါ၊
သားသမီးဖြစ်နေလျှင် သား အတွက် သမီးအတွက် လှူဒါန်းထားတာပါ။ အဘိုးအဘွားဖြစ်နေလျှင် အဘိုး အဘွားအတွက် လှူဒါန်းထားတာပါ စသည်ဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်အောင် ပြုလုပ်ပြီး ပြောကြား ပေးရမည် ဖြစ်ပါသည်။
ထိုသို့ ပြုလုပ်ပေးသည်ရှိသော် လူမမာသည် ကောင်းသော အာရုံ၊ ကောင်းသောနိမိတ် များဖြင့် သေရသည့်အတွက် နောင်ဘဝမှာ လည်း ကောင်းသောဘုံ၊ ကောင်းသော ဘဝသို့ လားရောက်ရလေသည်။
ရှေးအခါက ရဟန္တာအရှင်သောဏ၏ ဖခမည်းတော်သည် ငယ်ရွယ်စဉ်မှာ မုဆိုးလုပ်၍ အသက်မွေးဝမ်းကြောင်းပြု၏။ အသက်အရွယ်ရလာသောအခါ မုဆိုးဘဝ ကို စွန့်လွှတ်ပြီး ရဟန်းပြုကာ သာသနာ့ ဘောင်မှာ ပျော်မွေ့နေသည်။
ကွယ်လွန်ခါနီး၌ လူ့ဘဝက ပြုခဲ့သော အကုသိုလ်ကံကြောင့် ယောင်ယမ်းကာ သားရဲ့ ခြောက်ပါဟဲ့၊ သားရဲဲ့ ခြောက်ပါဟဲ့ ဆိုပြီး အော်ဟစ်လေသည်။
ရဟန္တာအရှင်သောဏက အင်း---ဦးဇင်းကြီးတော့ ငရဲနိမိတ်များ မြင်နေပါ ပြီကောဟု တွေးမိ၏။
ထို့ကြောင့် ပန်းများကို ရှာဖွေစုဆောင်းပြီး စေတီရင်ပြင်၌ ပန်းမွေ့ယာပြုလုပ်၏။ ပြီးတော့ သေလုမျောပါး ဖြစ်နေသည့် ဦးဇင်းကြီးကိုပါ ကုတင်နဲ့ စေတီရင်ပြင် ပေါ်သို့ ပင့်သွားပြီး ဦးဇင်းကြီး ဒီပန်းတွေ ဟာ ဦးဇင်းကြီးအတွက် ရည်မှန်းပြီး မြတ်စွာဘုရားကို လှူဒါန်းထားတာပါ။
ဦးဇင်းကြီးအနေနဲ့ မြတ်စွာဘုရားကို အာရုံပြုပြီး ကြည်ညိုလိုက်၊ ကြည်ညိုလိုက် ဟု ဘေးကနေ ပြောပေးကြ၏။
ဦးဇင်းကြီးလည်း မြတ်စွာဘုရားကို အာရုံပြုနေသောအချိန်မှာ ကွယ်လွန်သွား သဖြင့် နတ်ပြည်သို့လားရလေသည်။
ဤသာဓက ဥပမာကိုကြည့်ခြင်းအားဖြင့် သေခါနီးကာလသည် အားလုံးအတွက် လွန်စွာမှအရေးကြီးကြောင်း ထင်ရှားတော့ ၏။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး လိုရာဆန္ဒများ တစ်လုံး တစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
♥မေတ္တာဖြင့်- {သစ္စာ လေးပါး}♥