25/10/2024
လွန်ခဲ့တဲ့ သုံးနှစ်က သင့်ရဲ့ ကျပ်သိန်းတစ်ရာကို ရွှေ၊ ဒေါ်လာ၊ ဘစ်ကွိုင် (Bitcoin) သုံးမျိုးထဲက တစ်မျိုးမျိုးမှာ ရင်းနှီးမြှုပ်နှံထားခဲ့ရင် ခုချိန်မှာ ဘယ်ဟာ အကျိုးအမြတ်အများဆုံးဖြစ်မလဲ
*********************************
၂၀၂၂ ခုနှစ် April တုန်းက ရေးခဲ့ဖူးတဲ့ အကြောင်းအရာတစ်ခုကို ခုပြန်ပြီးတွက်ကြည့်တာပေါ့လေ။ ဒီသုံးနှစ်တာအတွင်း ကျပ်ငွေတန်ဖိုးကျဆင်းမှုကတော့ အားလုံးသိတဲ့အတိုင်းပဲ။ ရစရာကို မရှိတော့ဘူး။ မိတ်ဆွေတို့လည်း ကိုယ်ပိုင်ဆိုင်တဲ့ကျပ်ငွေတွေကို တစ်နည်းနည်းနဲ့ ပြောင်းလဲ သိမ်းဆည်းထားကြလိမ့်မယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ရွှေ (သို့) ဒေါ်လာ (သို့) Bitcoin သုံးမျိုးထဲမှာ ခုချိန် ဘယ်ဟာက အကျိုးအမြတ်အများဆုံးဖြစ်နေမလဲဆိုတာတော့ သေချာလေး တွက်ကြည့်လိုက်ရအောင်။
(၁) ရွှေ
၂၀၂၁ August မှာ သိန်းတစ်ရာနဲ့ ရွှေဝယ်ခဲ့ရင် ၆.၃၅၇ ကျပ်သားရမယ်။ ခု ဒီနေ့ဈေး (~ ၆,၅၃၀,၀၀၀) နဲ့ တွက်လိုက်ရင် ကျပ် ၄၁,၅၁၃,၀၃၂ (~၄၁၅ သိန်း) နဲ့ ညီမျှတယ်။ US$ နဲ့ဆို ၈,၉၈၆ ပေါ့။
(၂) US ဒေါ်လာ
မိတ်ဆွေက ဒေါ်လာအရွက် ကိုင်ထားခဲ့တယ်ဆိုပါစို့။ အဲ့တုန်းက အစိမ်းဝယ်ခဲ့ရင် ၅,၈၄၈ ရမယ်။ ဒီနေ့ ဒေါ်လာပေါက်ဈေးနဲ့ဆို ကျပ် ၂၇,၀၁၇,၅၄၄ (~၂၇၀ သိန်း) နဲ့ညီတယ်။ ရွှေပြန်ဝယ်မယ်ဆိုရင်တော့ ၄.၁၃၇ ကျပ်သားပဲ ရတော့မယ်။
(၃) ဘစ်ကွိုင် (Bitcoin)
ဘစ်ကွိုင်ဝယ်ပြီး သိမ်းထားခဲ့မယ်ဆိုရင်တော့ အဲ့တုန်းက ဈေး (1 BTC = 40,888 USDT) နဲ့ ၀.၁၃၉၇၅ ဘစ်ကွိုင်ရလိမ့်မယ်။ ခုချိန် USDT ပြန်ပြောင်းမယ်ဆို ၉,၅၀၃ USDT လောက် ရလိမ့်မယ်။ အကြမ်းဖျဉ်းပေါ့။ ကျပ်နဲ့ဆို ၄၃,၉၀၅,၃၀၂ (~၄၃၉ သိန်း) ၊ ရွှေနဲ့ဆို ၆.၇၂၄ ကျပ်သား ရမယ်။
အပေါ်က တွက်ချက်မှုအရ ဘစ်ကွိုင်ဟာ ငွေဖောင်းပွမှုကို အကာကွယ်နိုင်ဆုံးဆိုတာ တွေ့ရတယ်။ ဒေါ်လာကတော့ အားလုံးထဲမှာ အားအနည်းဆုံးပဲ။ သူ့မှာလည်း သူ့ဟာနဲ့သူ ဖောင်းပွမှုက ရှိသေးတာကိုး။ အဲ… တစ်ခုပြောစရာ ရှိတာက ဘစ်ကွိုင်ဆိုတာလည်း သိတဲ့အတိုင်း မှန်းဆရခက်တဲ့ Risky Assets တစ်ခုပဲ။ ပုံပါ ဇယားထဲမှာ ပြန်ကြည့်ရင် ၂၀၂၃ Bear Market မှာ ဘစ်ကွိုင်ဝယ်ထားတာ ဒေါ်လာကိုင်ထားတာထက်ကို အများကြီးနည်းနေတာ တွေ့ရလိမ့်မယ်။
အဲ့တော့ အချုပ်ဆိုရသော်… ဘာမှ မဟုတ်ပါဘူး 😅။ Page မှာလည်း Post မတင်ရတာကြာလို့၊ ပြီးတော့ ကိုယ့် Asset တွေကိုယ် ပြန်ပြီးသုံးသပ်ရင်း မိတ်ဆွေများအတွက်လည်း Share ပေးတဲ့ သဘောပါ။
ခရစ်တိုလောကသားများအားလုံး Bull Market မှာ မီလျံနာကိုယ်စီ ဖြစ်ကြပါစေဗျာ။
Crypto Lawka - ခရစ်တို လောက
10.25.2024