Sapientia Consulting

Sapientia Consulting Consulting & Advisory Services Development of other services is in progress and future services are planned using a network of other consultants.

We strive to deliver services that meet our clients’ unique needs and add value to their projects.Sapientia consulting service consists of strategic formulation and business planning. The service is used by enterprises (clients) who need to identify long term goals, get a new idea or venture "off the ground" or expand, acquire or refinance a project. For example, when developing a business plan or

strategy with a client, emerging requirements and/or deficiencies are often identified. Having the capability to offer services such as human resources, marketing and telecommunications will be a unique feature of Sapientia.

ဝယ်သူရဲ့ ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ် (Buyer Decision Process)အောင်မြင်တဲ့ စျေးကွက်ရှာဖွေရေး (Marketing) ဆိုတာ မှန်ကန...
19/11/2025

ဝယ်သူရဲ့ ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ် (Buyer Decision Process)

အောင်မြင်တဲ့ စျေးကွက်ရှာဖွေရေး (Marketing) ဆိုတာ မှန်ကန်တဲ့ ထုတ်ကုန်ကို၊ မှန်ကန်သော နေရာတွင်၊ မှန်ကန်သော ဈေးနှုန်းဖြင့်၊ မှန်ကန်သော ကြော်ငြာမြှင့်တင်မှု နည်းလမ်း (4Ps) ဖြင့် ရောင်းချခြင်းမျှသာ မဟုတ်ပါဘူး၊ ဒီအရာတွေထက် ပိုမို နက်ရှိုင်းတဲ့ "အဘယ်ကြောင့်" (Why) ကို နားလည်ခြင်း ဖြစ်ပါတယ်။ စားသုံးသူတစ်ဦးဟာ ထုတ်ကုန်ကို "အဘယ်ကြောင့်" ဝယ်ယူသလည်း၊ "မဝယ်" ဘူးဆိုလျှင် "အဘယ်ကြောင့်" မဝယ်သလည်းဆိုတာကို ဿီရပါမယ်။

Marketer အများစုဟာ "ဝယ်ယူခြင်း" (Purchase) ဆိုတဲ့ အပြုအမူတစ်ခုတည်းကိုသာ အာရုံစိုက် လေ့ရှိကြပြီး ဝယ်ယူခြင်းဟာ ခလုတ်တစ်ခုကို နှိပ်လိုက်သကဲ့သို့ ချက်ချင်း ဖြစ်ပေါ်လာတဲ့ အရာ မဟုတ်ဘူး၊ ဒါကစားသုံးသူရဲံ စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် ရှုပ်ထွေးတဲ့"လုပ်ငန်းစဉ်" (Process) တစ်ခုရဲ့ နောက်ဆုံး ရလဒ်သာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်ကို "ဝယ်သူရဲ့ ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်" (Buyer Decision Process) လို့ ခေါ်ဆိုပြီး၊ သူ့မှာအဓိက အဆင့် (၅) ဆင့် ပါဝင်ပါတယ်။ Marketer တစ်ဦးရဲ့ အဓိက တာဝန်ဟာဒီအဆင့်တိုင်းကို နားလည်ပြီး၊ အဆင့်တိုင်းတွင် စားသုံးသူကို မှန်ကန်စွာ လွှမ်းမိုးနိုင်ရန် ကြိုးစားခြင်း ဖြစ်ပါတယ်။

ဝယ်သူ ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ် အဆင့် (၅) ဆင့် (The 5 Stages)

ဒီမော်ဒယ်ဟာ စားသုံးသူတစ်ဦးရဲံ ဝယ်ယူမှုတိုင်းကို လွှမ်းခြုံထားပြီး၊ အထူးသဖြင့် ဈေးနှုန်းမြင့်မား တဲ့ သို့မဟုတ် အရေးပါတဲ့(High-Involvement) ဝယ်ယူမှုတွေမှာ ပိုမို ထင်ရှားစွာ တွေ့မြင်နိုင်ပါပါတယ်။

အဆင့် ၁။ လိုအပ်ချက်ကို အသိအမှတ်ပြုခြင်း (Need Recognition)

ဝယ်ယူခြင်း လုပ်ငန်းစဉ်တိုင်းဟာ"လိုအပ်ချက်" (Need) သို့မဟုတ် "ပြဿနာ" (Problem) တစ်ခုကို အသိအမှတ်ပြုခြင်းမှ စတင်ပါတယ်။ ဒီအဆင့်မှာ စားသုံးသူဟာသူရဲံ လက်ရှိ အခြေအနေ (Actual State) နှင့် သူ လိုချင်တဲ့ အခြေအနေ (Desired State) ကြားတွင် ကွာဟမှု (Gap) တစ်ခု ရှိနေတာကို သတိပြုမိသွားတဲ့ အနေအထားပါ။

ဒီကွာဟမှုကို ဖြစ်စေတဲ့ အကြောင်းတရား (Stimuli) နှစ်မျိုး ရှိပါတယ်၊ အတွင်းပိုင်းမှ လှုံ့ဆော်မှု (Internal Stimuli)လို့ခေါ်တဲ့ (ဥပမာ - ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မလုံခြုံဟု ခံစားရခြင်း)။

အပြင်ပိုင်းမှ လှုံ့ဆော်မှု (External Stimuli)လို့ခေါ်တဲ့ (ဥပမာ - သူငယ်ချင်းရဲ့ ကားအသစ်ကို မြင်ခြင်း၊ ဖုန်းအသစ် ကြော်ငြာကို ကြည့်မိခြင်း၊ မွှေးကြိုင်သော ပေါင်မုန့်နံ့ ရခြင်း)တို့ဖြစ်ပါတယ်။

Marketerဟာစားသုံးသူတွေရဲ့ လိုအပ်ချက်များ (Needs) နှင့် ပြဿနာများ (Problems) ကို နားလည်ရန် သုတေသန (Research) ပြုလုပ်ရပါတယ်။ ပြီးနောက်သူတို့ရဲ့ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုက ဒီကွာဟမှုကို ဘယ်လို ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာကို ထိထိရောက်ရောက် ဆက်သွယ် ပြောဆို ရပါမယ်။

အဆင့် ၂။ အချက်အလက် ရှာဖွေခြင်း (Information Search)

လိုအပ်ချက်ကို အသိအမှတ်ပြုပြီးနောက်၊ စားသုံးသူဟာ ဒီပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ ထုတ်ကုန်များအကြောင်း အချက်အလက်တွေကို စတင် ရှာဖွေပါတော့တယ်။

အလွယ်တကူ ရှာဖွေခြင်း (Heightened Attention)လို့ဆိုတဲ့ (ဥပမာ - ကားဝယ်ရန် စိတ်ကူးရှိသူဟာ ကားကြော်ငြာများကို ပိုမို သတိထား ကြည့်မိလာခြင်း)။ တက်ကြွစွာ ရှာဖွေခြင်း (Active Information Search)လို့ခေါ်တဲ့ ကိုယ်ပိုင် အရင်းအမြစ် (Personal Sources) အရ မိသားစု၊ သူငယ်ချင်း၊လုပ်ဖော်ကိုင် ဖက် (ယုံကြည်မှု အရှိဆုံး)သူတွေကိုမေးတာမျိုး။

စီးပွားဖြစ် အရင်းအမြစ် (Commercial Sources) သဘောအရ ကြော်ငြာတွေ၊ အရောင်းဝန်ထမ်းတွေ၊ Website (သတင်းအများဆုံး၊ သို့သော် ယုံကြည်မှု အနည်းဆုံး)ဖြစ်ပါတယ်၊ အများပြည်သူ အရင်း အမြစ် (Public Sources) တွေဖြစ်တဲ့ သတင်းမီဒီယာ၊ Online Reviews (ဥပမာ - Facebook Review, Google Review)၊ စမ်းသပ်သုံးစွဲမှု အရင်းအမြစ် (Experiential Sources)လို့ဆိုတဲ့ ထုတ်ကုန်ကို ကိုယ်တိုင် စမ်းသပ်ကိုင်တွယ် ကြည့်ခြင်း (Test Drive)လုပ်ခြင်းမျိုး ကနေ အချက်အလက်တွေကို ရှာဖွေမှု့ ပြုလုပ်တာဖြစ်တယ်။

Marketer ရဲ့ အခန်းကဏ္ဍမှာ စားသုံးသူ ရှာဖွေနိုင်တဲ့ နေရာတိုင်း (Touchpoints) မှာ မိမိရဲ့ Brand အချက်အလက်တွေ အဆင်သင့် ရှိနေစေရန်ဆောင်ရွက်ရမှာဖြစ်သလို Website, Social Media, Customer Service နှင့် ကောင်းမွန်တဲ့ Public Reviews တွေလည်းရှိနေဖို့ အလွန် အရေးကြီးပါတယ်။

အဆင့် ၃။ ရွေးချယ်စရာများကို နှိုင်းယှဉ် သုံးသပ်ခြင်း (Evaluation of Alternatives)

ဒီအဆင့်မှာ စားသုံးသူဟာ ရရှိလာတဲ့ အချက်အလက်တွေကို အခြေခံပြီး သူရဲ့ "စဉ်းစားမည့် အစု" (Consideration Set) ထဲရှိ Brand တွေကို နှိုင်းယှဉ် သုံးသပ်ပါတယ်၊ စားသုံးသူတိုင်းမှာ နှိုင်းယှဉ်ရာ၌ အသုံးပြုတဲ့ "စံနှုန်း" (Criteria) များ ရှိနေပြီးသားဖြစ်ပါတယ်။

ဥပမာ: Laptop တစ်လုံး ဝယ်မယ်ဆိုရင် စံနှုန်းအနေနဲ့ ဈေးနှုန်း (Price)၊ ဘက်ထရီ သက်တမ်း (Battery Life)၊ အလေးချိန် (Weight)၊ စွမ်းဆောင်ရည် (Performance)၊ အမှတ်တံဆိပ် (Brand Name) စသည်တို့ ဖြစ်နိုင်ပါတယ်။စားသုံးသူဟာ ဒီစံနှုန်းတွေကို အခြေခံပြီး မည်သည့် Brand က သူ့အတွက် "တန်ဖိုး အရှိဆုံး" (Best Value) ကို ပေးနိုင်မလဲ ဆိုတာကို ဆုံးဖြတ်ပါတယ်။

မိမိရဲ့ ပစ်မှတ်ဖောက် (Target Customer) ဟာ မည်သည့် "စံနှုန်း" ကို အဓိက ထားပြီး ဆုံးဖြတ်ချက်ချ တယ်ဆိုတာကို သိရှိရပါမယ်၊ ပြီးရင် မိမိရဲ့ Brand က ဒီစံနှုန်းတွေမှာ ပြိုင်ဘက်တွေထက် ဘယ်လို သာလွန်ကြောင်း (Point of Differentiation - POD) ကို ရှင်းလင်းစွာ မီးမောင်းထိုး ပြသနိုင်ရပါမယ်။

အဆင့် ၄။ ဝယ်ယူရန် ဆုံးဖြတ်ခြင်း (Purchase Decision)

သုံးသပ်ပြီးနောက်၊ စားသုံးသူဟာ သူအကြိုက်ဆုံး Brand (Most Preferred Brand) ကို ဝယ်ယူဖို့ "ရည်ရွယ်ချက်" (Purchase Intention) ဖြစ်ပေါ်လာပါတယ်။

သို့သော် "ဝယ်ရန် ရည်ရွယ်ခြင်း" နှင့် "တကယ် ဝယ်ဖြစ်ခြင်း" (Purchase Action) ကြားမှာ အတား အဆီး နှစ်ခု ဝင်လာနိုင်ပါတယ် ၁။ အခြားသူတွေရဲ့ သဘောထား (Attitudes of Others) အနေနဲ့(ဥပမာ - မိမိက Brand A ကို ကြိုက်သော်လည်း၊ မိမိရဲ့ ဇနီး/ခင်ပွန်း သို့မဟုတ် သူငယ်ချင်းက Brand B က ပိုကောင်းတယ်လို့ ပြင်းပြင်းထန်ထန် ပြောဆိုဝေဖန်ခြင်း)။ ၂။ မထင်မှတ်ထားတဲ့ အခြေအနေတွေ (Unexpected Situational Factors)အနေနဲ့ (ဥပမာ - ဝယ်မည့် ဆိုင်ရောက်မှ ပစ္စည်းပြတ်သွားခြင်း၊ အလုပ်ပြုတ်သွား၍ ဝင်ငွေ မရှိတော့ခြင်း၊ ပြိုင်ဘက် Brand က ရုတ်တရက် အထူး Promotion ချလိုက်ခြင်း) မျိုးတွေလည်းကြုံတွေ့ရနိုင်ပါတယ်။

ဈေးကွက်ဖော်ဆောင်သူအနေနဲ့ ဝယ်ယူမှု ပြုလုပ်ဖို့ လွယ်ကူအောင်ပြုလုပ်ရမှာဖြစ်သလို၊ ပစ္စည်းမပြတ်စေရန် (Availability)၊ ငွေပေးချေမှု လွယ်ကူစေရန် (Easy Payment)၊ အရောင်း ဝန်ထမ်းတွေက ကူညီရန် အသင့်ရှိနေစေရန် (Good Service) စီစဉ်ထားရမှာပါ။

အဆင့် ၅။ ဝယ်ယူပြီးနောက် အပြုအမူ (Post-purchase Behavior)

Marketer အများစု လစ်လျူရှုလေ့ရှိပေမယ့် အရေးကြီးဆုံး အဆင့် ဖြစ်တဲ့ ဝယ်ယူပြီးနောက် စားသုံးသူရဲ့ ခံစားချက်ဟာ "ကျေနပ်မှု" (Satisfaction) သို့မဟုတ် "မကျေနပ်မှု" (Dissatisfaction) ဖြစ်နိုင်ချေရှိပါသေးတယ်။

Satisfaction = Perceived Performance (ရရှိသော စွမ်းဆောင်ရည်) vs. Expectations (မျှော်လင့်ချက်)

Performance < Expectations = Dissatisfied (မကျေနပ်)

Performance = Expectations = Satisfied (ကျေနပ်)

Performance > Expectations = Delighted (အလွန်အမင်း ကျေနပ်)

ဒီအဆင့်မှာ အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တစ်ခုမှာ "Cognitive Dissonance" (ဝယ်ပြီးနောက် စိတ်မခိုင်မာမှု/စိုးရိမ်မှု) ဖြစ်ပါတယ်၊ ဆိုလိုတာကတော့ "ငါ ရွေးချယ်လိုက်တာ မှန်ရဲ့လား" "ဟို Brand က ပိုကောင်းနေမလား" ဆိုတဲ့ စိတ်မလုံခြုံမှု ဖြစ်ပါတယ်။

Marketerတစ်ယောက်ရဲ့ အခန်းကဏ္ဍအနေနဲ့ဆိုရင် ၁။ ကြော်ငြာတွေမှာ မျှော်လင့်ချက်ကို အလွန်အကျွံ မပေးမိစေရန် (Set realistic expectations) သတိထားရမယ်၊ ၂။ ဝယ်ယူပြီးနောက် ဝယ်သူကို ကျေးဇူးတင်စကား ပြောခြင်း၊ ကောင်းမွန်တဲ့ After-sales Service ပေးခြင်း၊ အာမခံချက်များဖြင့် "သူ့ရဲ့ ရွေးချယ်မှု မှန်ကန်ကြောင်း" (Reassurance) ထပ်လောင်း အသိပေးခြင်းများ ပြုလုပ်ရပါမယ်၊ ၃။ မကျေနပ်မှုတွေ (Complaints) ကို လျင်မြန်စွာ ဖြေရှင်းပေးခြင်းဖြင့် မကျေနပ်တဲ့ ဖောက်သည်ကို သစ္စာစောင့်သိသော ဖောက်သည် (Loyal Customer) အဖြစ် ပြောင်းလဲနိုင်ရန် ကြိုးစားရပါမယ်။

Buyer Decision Process ကို နားလည်ခြင်းဟာ စားသုံးသူရဲ့ စိတ်ပညာကို နားလည်ခြင်းပင် ဖြစ်ပြီး ဒီလုပ်ငန်းစဉ်ဟာ စက်ဝိုင်းကဲ့သို့ ဖြစ်နေပြီး၊ အဆင့် (၅) မှ ရရှိတဲ့ အတွေ့အကြုံ (Post-purchase) သည် စားသုံးသူ နောက်တစ်ကြိမ် ဝယ်ယူသောအခါ အဆင့် (၂) (Information Search) အတွက် အရေးကြီးသော "Internal Information" သို့မဟုတ် အခြားသူများအတွက် "Public Source" (Review) ဖြစ်သွားမှာဖြစ်ပါတယ်။

"ရောင်းရန်" (Stage 4) တစ်ခုတည်းကိုသာ အာရုံစိုက်တဲ့ Marketer ဟာ ရေတိုမှာ အောင်မြင်နိုင်သော်လည်း၊ "လုပ်ငန်းစဉ် တစ်ခုလုံး" (Stage 1 မှ 5) ကို စီမံခန့်ခွဲနိုင်တဲ့ Marketer သာလျှင် ရေရှည် တည်တံ့ခိုင်မြဲသော စီးပွားရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။




အတိုင်ပင်ခံ (Consultant) တို့ရဲ့ လုပ်ငန်းခွင် စိန်ခေါ်မှုနှင့် ဖြတ်ကျော်ပုံလုပ်ငန်းခွင်လောကမှာ "အတိုင်ပင်ခံ" (Consultant...
30/10/2025

အတိုင်ပင်ခံ (Consultant) တို့ရဲ့ လုပ်ငန်းခွင် စိန်ခေါ်မှုနှင့် ဖြတ်ကျော်ပုံ

လုပ်ငန်းခွင်လောကမှာ "အတိုင်ပင်ခံ" (Consultant) တဲ့ အမည်နာမဟာ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ နှင့် မြင့်မားတဲ့ အခကြေးငွေတွေနဲ့ တွဲလျက်ရှိနေတတ်ကြပြီး အများစုကသူတို့ကို ပြင်ပမှလာပြီး လုပ်ငန်းရဲ့ ပြဿနာတွေကို မှော်ဆန်စွာ ဖြေရှင်းပေးသူများအဖြစ် မြင်ယောင်တတ်ကြတယ်၊ သို့သော်၊ ဒီပညာရှင်ဆန်တဲ့ မျက်နှာစာ နောက်ကွယ်မှာ Consultants တွေ နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရတဲ့ အခက်အခဲများနှင့် စိန်ခေါ်မှုများစွာ ရှိနေတတ်ပါတယ်။

Consulting လုပ်ငန်းရဲ့ အခြေခံအကျဆုံး စိန်ခေါ်မှုကတော့ "Scope Creep" ပင်ဖြစ်ပြီး ဆိုလိုတာက၊ Client (လုပ်ငန်းရှင်) နှင့် ကနဦး သဘောတူထားတဲ့ လုပ်ငန်းတာဝန် (Scope of Work) ထက် ပိုမိုပြီး အလုပ်တွေ တိုးပွားများပြားလာခြင်းမျိုးပါ။

ဥပမာအားဖြင့်၊ "အရောင်းမြှင့်တင်ရေး မဟာဗျူဟာ" ရေးဆွဲဖို့ ငှားရမ်းထားပေမယ့်၊ လုပ်ငန်းစတင် တဲ့အခါ "အဲဒါလေး လုပ်နေတုန်း၊ ကျွန်တော်တို့ရဲ့ ဝန်ထမ်းခန့်အပ်မှု ပုံစံလေးကိုလည်း တစ်ချက်ကြည့် ပေးပါဦး" သို့မဟုတ် "page အတွက် Content ပါ တစ်ခါတည်း ရေးပေးလို့ရမလား" စသဖြင့် ကြိုတင်မှန်းလို့မရတဲ့ တောင်းဆိုမှုတွေ တိုးပွားလာတတ်ပါတယ်။

အကျိုးဆက်အနေနဲ့ Consultant ကသတ်မှတ်ထားတဲ့ အချိန် (Timeline) နှင့် ဘဏ္ဍာငွေ (Budget) အတွင်း အလုပ်မပြီးစီးနိုင်တာ၊ အချိန်ပိုများစွာ ပေးဆပ်ရတာ၊ နှင့် Client ကို ငြင်းပယ်ရခက်ခဲတာတွေ စတဲ့ ဖိအားတွေ ကြုံတွေ့ရတတ်တယ်၊ ကျွမ်းကျင်တဲ့ Consultant တစ်ဦးဟာ ကနဦး သဘောတူညီ ချက် (Contract) ကို ခိုင်မာအောင် ပြုလုပ်ထားပြီး မလိုအပ်ရင် "No" လို့ ယဉ်ကျေးစွာ ပြောဆိုနိုင်စွမ်း ရှိရန် လည်းလိုအပ်ပါတယ်။

နောက်တစ်ချက်ကတော့ Client ရဲ့ မျှော်လင့်ချက်တွေကို စီမံခန့်ခွဲခြင်းဆိုတဲ့ (Managing Expectations)အကောင်းအရာပါ၊ များသောအားဖြင့် လုပ်ငန်းရှင်တွေဟာ Consultantsတွေကို သူတို့ရဲ့ နှစ်ပေါင်းများစွာ ရှုပ်ထွေးနေတဲ့ ပြဿနာတွေကို ရက်သတ္တပတ် အနည်းငယ်အတွင်း ချက်ချင်း ဖြေရှင်း ပေးနိုင်မည့် "မှော်ပညာရှင်"လိုလို “တန်ခိုးရှင်” တွေအဖြစ် မျှော်လင့်ထားတတ်ကြတာမျိုးပါ၊

"ကျွန်တော်တို့ ကုမ္ပဏီရဲ့ ယဉ်ကျေးမှု (Company Culture) ကို သုံးလအတွင်း ပြောင်းပေးပါဆရာ" ကဲ့သို့သော လက်တွေ့မကျနိုင်တဲ့ မျှော်မှန်းချက်များစွာ ရှိနေတတ်သလို၊ Consultant ရဲ့ အဓိက တာဝန်ဟာ ပြဿနာကို ဖြေရှင်းပေးရန် သာမက၊ ဒီပြဿနာကို ဖြေရှင်းရန် အချိန်မည်မျှ ယူနိုင်ကြောင်း၊ မည်သည့် အဆင့်များ လိုအပ်ကြောင်း၊ နှင့် Client ဘက်မှ မည်သို့ ပူးပေါင်းပါဝင် ရမည်ကို ရှင်းလင်းစွာ အသိပေး "ပညာပေး" (Educate) ရန်လည်း ဖြစ်တယ်။ မျှော်လင့်ချက်တွေကို အစဦးကတည်းက ရှင်းလင်းအောင် မလုပ်ထားနိုင်ရင်၊ Project ပြီးဆုံးတဲ့အခါ "ဘာမှလဲ ထူးမလာဘူး" ဆိုတဲ့ စကားသံတွေကို ကြားရတတ်ပါတယ်။

Consultant တွေဟာ "ပြင်ပလူ" (Outsider) များ ဖြစ်ကြတဲ့အတွက် သူတို့ရဲ့ အကြံဉာဏ်တွေဘယ်လို ပင်ကောင်းမွန်နေပါစေ၊ လုပ်ငန်းခွင်အတွင်းမှာရှိတဲ့ ဝန်ထမ်းတွေ (အထူးသဖြင့် ဝန်ထမ်းဟောင်းတွေ) ရဲ့ တွန်းလှန်မှုကို မလွဲမသွေကြုံတွေ့ရစမြဲဖြစ်တယ်၊

"သူတို့က ဘာသိလို့လဲ၊ ငါတို့က ဒီအလုပ်ကို လုပ်လာတာ နှစ်ချီနေပြီ"၊ "အရင်အတိုင်း လုပ်တာပဲ ကောင်းပါတယ်" စတဲ့ အတွေးအခေါ်တွေဟာ Consultant ရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်ဖို့ အကြီးမားဆုံး အတားအဆီး ဖြစ်ပါတယ်၊ Consultant တစ်ဦးတွင် လုပ်ငန်းကို တိုက်ရိုက် အမိန့်ပေးနိုင်တဲ့ အခွင့်အာဏာ (Direct Authority) မရှိတဲ့အတွက် သူတို့ဟာ သူတို့ရဲ့ အချက်အလက်၊ ကျွမ်းကျင်မှု၊ နှင့် ဆက်ဆံရေး စွမ်းရည် (Influence) ကိုသာ အသုံးပြုပြီး ဝန်ထမ်းတွေကို "လက်ခံလာ အောင်" စည်းရုံးကြရတာဖြစ်တယ်၊ဒီအပိုင်းက နည်းပညာပိုင်း ကျွမ်းကျင်မှုထက် ပိုမိုခက်ခဲတဲ့ "လူ" နှင့် ဆက်ဆံရခြင်း စိန်ခေါ်မှု (People Skill Challenge) ဖြစ်တယ်။

Consulting ဟာ "မမြင်နိုင်တဲ့ ဝန်ဆောင်မှု" (Intangible Service) ကို ရောင်းချခြင်း ဖြစ်ပြီး Client က ပေးရတဲ့ ငွေကြေး (Fee) နှင့် ရရှိလာသော အကြံဉာဏ် (Advice) တို့ ညီမျှခြင်း ရှိ၊ မရှိ ကို အမြဲတမ်း ချိန်ထိုးနေတတ်ပါတယ်၊ တကယ်လို့ Consultant ရဲ့ ဖြေရှင်းချက်ဟာ အလွန်ရိုးရှင်းနေပါက ("ခင်ဗျားတို့ရဲ့ အစည်းအဝေးတွေကို လျှော့ချပစ်လိုက်ပါ")၊ Client က "ဒီလောက်လေး ပြောတာကို ဒီလောက် ပိုက်ဆံပေးရသလား" ဟု တွေးကောင်း တွေးနိုင်ပြီး၊ အကယ်၍ ဖြေရှင်းချက်က အလွန် ရှုပ်ထွေးနေပြန်ပါကလည်း အကောင်အထည်ဖော်ရန် ခက်ခဲတယ်လို့ ဆိုနိုင်ပါတယ်။

အောင်မြင်တဲ့ Consultant တွေဟာ သူတို့ရဲ့ အကြံဉာဏ်တွေကို တိုင်းတာနိုင်တဲ့ ရလဒ်များ (Measurable Results) နှင့် ချိတ်ဆက်ပြနိုင်ရန် အမြဲ ကြိုးစားရလေ့၇ှိတယ်။ ဥပမာ - "ဒီ Process ကို ပြောင်းလဲခြင်းကြောင့် အချိန် ၃၀% သက်သာသွားနိုင်သည်" သို့မဟုတ် "Customer စိတ်ကျေနပ်မှု ၁၅% တိုးတက်လာနိုင်သည်" စသဖြင့် ကိန်းဂဏန်းများဖြင့် သက်သေပြနိုင်စွမ်း ရှိရပါမယ်။

အထူးသဖြင့် လွတ်လပ်တဲ့ (Independent) Consultant တွေ သို့မဟုတ် ကုမ္ပဏီငယ်တွေမှာတွေ့ကြုံရ တဲ့အဓိက စိန်ခေါ်မှုကတော့ "Feast or Famine" (စားမကုန်၊ ဒါမှမဟုတ် ငတ်) လည်ပတ်မှု ဖြစ်ပါတယ်။

တစ်ခါတစ်ရံ Project တွေ တစ်ပြိုင်နက်တည်း ဝင်လာပြီး၊ တစ်နေ့လျှင် ၁၈ နာရီခန့် အဆက်မပြတ် အလုပ်လုပ်ရကာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေတတ်ပေမယ့် အချို့လများတွင်မူ Project လုံးဝ မရှိဘဲ ဝင်ငွေရပ်တန့်နေကာ နောက်လ ငွေရေးကြေးရေးအတွက် စိုးရိမ်ပူပန်နေရတတ်တယ်။ဒီလို ဝင်ငွေနှင့် အလုပ်ချိန် မတည်ငြိမ်မှု (Instability)ဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားကို အလွန်ဖြစ်စေပါတယ်။

ဒါ့အပြင်၊ Consultant တစ်ဦးရဲ့ အဓိက ကုန်ပစ္စည်းဟာ သူရဲ့ "အသိပညာ" ဖြစ်တယ် လောကကြီးက အမြဲ ပြောင်းလဲနေတာကြောင့် သူတို့ဟာ အမြဲတမ်း စာဖတ်ခြင်း၊ သင်တန်းတက်ခြင်း၊ ဈေးကွက်ကို လေ့လာခြင်း စတဲ့ စဉ်ဆက်မပြတ် သင်ယူမှု (Continuous Learning) ကို မဖြစ်မနေ ပြုလုပ်နေရပြီး၊ သင်ယူမှုကို ရပ်တန့်လိုက်တာနှင့် သူတို့ရဲ့ တန်ဖိုးလည်း ကျဆင်းသွားတတ်ပါတယ်။

အတိုင်ပင်ခံ (Consultant) တစ်ဦးရဲ့ ဘဝဟာ အပြင်မှ ကြည့်လျှင် သားနားထည်ဝါသယောင် ရှိသော် လည်း၊ အတွင်းသဏ္ဍာန်တွင်မူ စီးပွားရေးပညာ၊ စိတ်ပညာ၊ နှင့် နိုင်ငံရေးပညာတို့ကို ပေါင်းစပ် ကျွမ်းကျင်ရန် လိုအပ်သောလုပ်ငန်းတစ်ခုလို့ပြောရမှာပါ။

သူတို့ဟာ Client ရဲ့ လုပ်ငန်းကို နားလည်ရုံသာမက၊ Client ရဲ့ စိတ်ကိုလည်း နားလည်အောင်ကြိုးစား ရပါတယ်၊ ပြဿနာကို ရှာဖွေတွေ့ရှိရုံသာမက၊ ဒီတွေ့ရှိချက်ကို လက်ခံလာအောင်လည်း စည်းရုံး ပြောဆိုနိုင်ရမှာလည်းဖြစ်တယ်၊ ဒါကြောင့်၊ အောင်မြင်တဲ့ Consultant တစ်ဦး ဖြစ်လာရန်မှာ နည်းပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု (Hard Skills) နှင့် လူမှုဆက်ဆံရေးနှင့် စီမံခန့်ခွဲမှု ကျွမ်းကျင်မှု (Soft Skills) တို့ကို ဟန်ချက်ညီညီ ပေါင်းစပ်နိုင်စွမ်း ရှိခြင်းအပေါ်တွင် လုံးလုံးလျားလျား မူတည်နေပါတယ်။



28/09/2025

လုပ်ငန်း 'မသေဆုံး' ခင်မှာ ကြိုတင်ကာကွယ်ပေးမယ့် FMEA ဗျူဟာ

လုပ်ငန်းခွင်တိုင်းမှာ ရှောင်လွှဲလို့မရတဲ့ မြင်ကွင်းတစ်ခုအမြဲရှိတတ်တယ်၊ Product Launch တစ်ခု မအောင်မြင်တဲ့အခါ၊ အရေးကြီးတဲ့ System တစ်ခု Crash ဖြစ်သွားတဲ့အခါ၊ ဒါမှမဟုတ် အဓိက ဖောက်သည်တစ်ဦးကို ဆုံးရှုံးလိုက်ရတဲ့အခါမျိုးမှာပေါ့။ အဲ့ဒီအခါကျမှ အစည်းအဝေးခန်းထဲမှာ လူတွေစုပြီး "Post-mortem" (သေဆုံးမှု့အလွန် စစ်ဆေးခြင်း) ဒါမှမဟုတ် "Business Autopsy" (စီးပွားရေးဆိုင်ရာ ခွဲစိတ်စစ်ဆေးမှု့) ကို စတင်လုပ်ဆောင်ကြလေ့ရှိကြပါတယ်။ "ဘယ်နေရာမှာ ဘာတွေမှားသွားတာလဲ"၊ "ဘယ်သူ့မှာ တာဝန်ရှိနေသလဲ" ဆိုတဲ့မေးခွန်းတွေနဲ့ အဖြေရှာကြတယ်။

ဒါဟာ လုံးဝနောက်ကျသွားတဲ့ ဗျူဟာတစ်ခုဖြစ်ကာ ကိုယ့် လုပ်ငန်းရဲ့ "သေဆုံးမှု့ အကြောင်းရင်း" ကိုပဲ လေ့လာနေတာဖြစ်ပြီး၊ အဲ့ဒီ "သေဆုံးမှု့" ကို တားဆီးနိုင်မယ့် အခွင့်အရေးကိုတော့ လက်လွှတ်ဆုံးရှုံး ခဲ့ပြီးပါပြီလို့ ပြောရမှာပါ။

တကယ့် ထက်မြက်တဲ့ခေါင်းဆောင်တွေ၊ ကြံ့ခိုင်မှု့ (Resilience) ရှိတဲ့ အဖွဲ့အစည်းတွေကတော့ "Autopsy" လုပ်ရမယ့်အခြေအနေကို ဘယ်တော့မှမစောင့်ပါဘူးဗျာ၊ သူတို့ဟာ "Health Check-up" ကို ပုံမှန်လုပ်ဆောင်ကြလေ့ရှိပြီး အဲ့ဒီ ဗျူဟာမြောက် Health Check-up ကိရိယာကတော့ FMEA (Failure Mode and Effects Analysis) ပါပဲ၊ ဒီ tools လေးအကြောင်းကို ကျွန်တော်ပြောပြချင်တာပါ။

FMEA ဆိုတာ Engineering ကနေစခဲ့ပေမယ့် သူတို့တွေရဲ့ Tool တစ်ခုမဟုတ်ဘဲ ခေါင်းဆောင်မှု့ရဲ့ Mindset တစ်ခုဖြစ်လာခဲ့တာပါ၊ FMEA ဆိုတာ ရှုပ်ထွေးတဲ့ Spreadsheet တွေ၊ ကိန်းဂဏန်းတွေလို့ အပေါ်ယံရှုမြင်နေသမျှ ကာလပတ်လုံး ကိုယ့်အနေနဲ့ သူ့ရဲ့တကယ့်တန်ဖိုးကို မြင်နိုင်မှာမဟုတ်ပါဘူး။ FMEA ရဲ့ အနှစ်သာရကတော့ အဖွဲ့အစည်းတစ်ခုလုံးကို စနစ်တကျ "အဆိုးမြင်စိတ်ဖြင့် တွေးခေါ်ခြင်း (Structured Pessimism)" ကို လေ့ကျင့်ပေးတာပါပဲ။ ဒီဟာကို အသုံးပြုမယ်ဆိုရင် ဗျူဟာမြောက် မေးခွန်း (၃) ခုကို ကြိုတင်ဖြေဆိုထားနိုင်ရပါမယ်။

Failure Mode (ဘာတွေမှားယွင်းနိုင်သလဲ) ဒီလုပ်ငန်းစဉ်မှာ၊ ဒီ Product မှာ၊ ဒီ Project မှာ "ဘာတွေက ဘယ်လိုပုံစံနဲ့ မှားယွင်းသွားနိုင်သလဲ" ဆိုတဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကျရှုံးမှု့ပုံစံအားလုံးကို ကြိုတင်စဉ်းစား ထားရပါမယ်။

Effects Analysis (မှားယွင်းသွားရင် ဘာဖြစ်မလဲ) အဲ့ဒီကျရှုံးမှု့တစ်ခုဖြစ်သွားခဲ့ရင်၊ ဖောက်သည်အပေါ်၊ လုပ်ငန်းအပေါ်၊ ဝန်ထမ်းအပေါ်မှာ ဘယ်လောက်ဆိုးရွားတဲ့ "သက်ရောက်မှု့" တွေရှိလာနိုင်မလဲ ဆိုတာကို သုံးသပ်ထားရပါမယ်။

Analysis (ဘယ်လိုကာကွယ်မလဲ) အဲ့ဒီကျရှုံးမှု့တွေ မဖြစ်လာအောင်၊ ဒါမှမဟုတ် ဖြစ်လာခဲ့ရင်တောင် သက်ရောက်မှု့အနည်းဆုံးဖြစ်အောင် ဘယ်လို "ကြိုတင်ကာကွယ်ရေး" နဲ့ "ထိန်းချုပ်ရေး" အစီအမံတွေ ကို အခုကတည်းက လုပ်ဆောင်ထားမလဲဆိုတာကို စီမံကိန်းချထားရပါမယ်။

FMEA ကို ကိုယ့် Culture ထဲမှာထည့်သွင်းကျင့်သုံးခြင်းအားဖြင့် ရရှိနိုင်မယ့်အကျိုးအမြတ်တွေဟာ ကုန်ကျစရိတ်ကိုကာကွယ်တာထက် အများကြီးပိုမိုနက်ရှိုင်းပါတယ်၊

ကိုယ့်အဖွဲ့ဟာ ပြဿနာဖြစ်မှလိုက်လံဖြေရှင်းရတဲ့ "မီးသတ်သမား" တွေအဖြစ်ကနေ၊ ပြဿနာ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ "ပညာရှင်" တွေအဖြစ်သို့ ပြောင်းလဲသွားပါလိမ့်မယ်၊ ဒါဟာ အချိန်၊ ငွေ၊ နဲ့ အဖိုးတန်ဆုံးဖြစ်တဲ့ ကိုယ့်ရဲ့ Brand Reputation ကို တိုက်ရိုက်ကာကွယ်ပေးပါတယ်။

FMEA လုပ်ငန်းစဉ်ဟာ "ကျရှုံးမှု့" အကြောင်းကို ပွင့်ပွင့်လင်းလင်းဆွေးနွေးရဲတဲ့ ယဉ်ကျေးမှု့ကို မွေးဖွားပေးနိုင်ပါတယ်၊ ဝန်ထမ်းတွေဟာ အလားအလာရှိတဲ့ပြဿနာတွေကို ထောက်ပြဖို့ မကြောက် ရွံ့တော့ပါဘူး၊ ဒါဟာ "စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု့ (Psychological Safety)" ကို တည်ဆောက်ခြင်းဖြစ်ပြီး၊ ဒီလိုပတ်ဝန်းကျင်ကသာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စဉ်ဆက်မပြတ်တိုးတက်မှု့ကို အမှန်တကယ် မောင်းနှင်နိုင်တာဖြစ်တယ်။

FMEA မှာ Risk Priority Number (RPN) ဆိုတဲ့ ကိန်းဂဏန်းကိုအသုံးပြုပြီး၊ ဘယ်ပြဿနာက "ဖြစ်နိုင် ခြေအများဆုံး"၊ "သက်ရောက်မှု့အပြင်းထန်ဆုံး" နဲ့ "ရှာဖွေတွေ့ရှိဖို့အခက်ခဲဆုံး" လဲဆိုတာကို တိုင်းတာ ပါတယ်၊ ဒါဟာ ကိုယ့်ကို "ခံစားချက်" နဲ့ဦးစားပေးဆုံးဖြတ်မယ့်အစား၊ အချက်အလက်ပေါ်မူတည်ပြီး အရေးအကြီးဆုံးခြိမ်းခြောက်မှု့ကို အရင်ဆုံးဖြေရှင်းနိုင်အောင် လမ်းညွှန်ပေးတယ်။

ကိုယ့်အဖွဲ့အစည်းမှာ FMEA ကို စတင်အကောင်အထည်ဖော်ဖို့အတွက်ဆိုရင် ရိုးရှင်းစွာ ချဉ်းကပ် လို့ရပါတယ်၊ Assemble a Cross-Functional Teamတည်ဆောက်ရပါမယ်၊ ဒီလုပ်ငန်းစဉ်ကို ဌာနတစ်ခုတည်းကလူတွေနဲ့မလုပ်လိုက်ပါနဲ့၊ Engineering, Marketing, Sales, Customer Support, Operations စတဲ့ ဌာနပေါင်းစုံကလူတွေကို စုစည်းပါ၊ အမြင်မတူညီလေ မမြင်နိုင်တဲ့ပြဿနာတွေကို ပိုတွေ့လေပါပဲ။

Define the Scope သတ်မှတ်ရမယ်၊ ဘယ် Product ဒါမှမဟုတ် ဘယ် Process ကို သုံးသပ်မလဲဆိုတာ ကို ရှင်းရှင်းလင်းလင်းသတ်မှတ်ရပါမယ်။ Brainstorm "What Ifs" ဆိုတဲ့အတိုင်းဘာတွေမှားနိုင်သလဲ" ဆိုတဲ့မေးခွန်းကို အဖွဲ့လိုက် Brainstorm လုပ်ရပါမယ်။ ဒီအဆင့်မှာ "မဖြစ်နိုင်ပါဘူး" ဆိုတဲ့အတွေးတွေ ကို ဘေးဖယ်ထားပြီး ဖြစ်နိုင်ခြေရှိတဲ့ ကျရှုံးမှု့အားလုံးကို စာရင်းပြုစုထားရပါမယ်။

Analyze the "So What"မှာဆိုရင် ကျရှုံးမှု့တစ်ခုချင်းစီအတွက်၊ "ဒါဖြစ်သွားရင် ဘာအကျိုးဆက် ရှိနိုင်မလဲ" ဆိုတာကို သုံးသပ်ပြီး အပြင်းထန်ဆုံးအဆင့်ကနေ အပျော့ဆုံးအဆင့်အထိ အဆင့်သတ်မှတ် ရပါလိမ့်မယ်။ Prioritize & Plan သေချာလုပ်ဆောင်ရပါလိမ့်မယ်၊ ဘယ် Risk တွေကို အရင်ဆုံး ကိုင်တွယ်မလဲဆိုတာကို ဦးစားပေးသတ်မှတ်ပြီး အဲ့ဒီ Risk တွေမဖြစ်အောင် ကာကွယ်မယ့် တိကျတဲ့လုပ်ဆောင်ချက်အစီအစဉ် (Action Plan) တွေကို တာဝန်ရှိသူ၊ အချိန်ကန့်သတ်ချက်နဲ့တကွ ရေးဆွဲထားရမယ်။

Review & Iterate ဆိုတာကလည်းအရေးကြီးပါတယ်၊ FMEA ဆိုတာ တစ်ခါလုပ်ပြီးရင်ပြီးသွားတဲ့ Project တစ်ခုမဟုတ်ပါဘူး၊ ဒါဟာ ကိုယ့်ရဲ့ Product ဒါမှမဟုတ် Process တွေရဲ့ ပြောင်းလဲတိုးတက် လာတာနဲ့အမျှ ပုံမှန်ပြန်လည်သုံးသပ်နေရမယ့် "Living Document" တစ်ခုဖြစ်ရပါမယ်။

FMEA ဆိုတာ အမှားရှာတဲ့ကိရိယာတစ်ခုမဟုတ်ပါဘူး၊ ဒါဟာ အောင်မြင်မှု့ကိုတည်ဆောက်တဲ့ ဗျူဟာမြောက် ကိရိယာတစ်ခုဖြစ်ပါတယ်။ ကိုယ့် အဖွဲ့အစည်းကို "ကံကောင်းလို့ အမှားမဖြစ်တာ" ဆိုတဲ့အခြေအနေကနေ "စနစ်တကျကြိုတင်ကာကွယ်ထားလို့ အမှားမဖြစ်တာ" ဆိုတဲ့အခြေအနေ ဆီကို ပို့ဆောင်ပေးမယ့် စီမံခန့်ခွဲမှု့ဆိုင်ရာ စည်းကမ်းတစ်ခုလည်းဖြစ်တယ်။

လုပ်ငန်းရဲ့ ကျန်းမာရေးကို ကြိုတင်စစ်ဆေးနေတဲ့ "ဆရာဝန်" တစ်ယောက်လုပ်ပါ၊ သေဆုံးမှု့အကြောင်း ရင်းကို စစ်ဆေးနေတဲ့ "မှုခင်းဆရာဝန်" တစ်ယောက်ဖြစ်ဖို့ကိုပဲ စောင့်ဆိုင်းပြီး လုပ်နေရင်တော့ သေပြီးသား လုပ်ငန်းတွေနဲ့သာ တွေ့နေရမှာပါ။



28/09/2025

အရေးပါ အရာရောက်တဲ့သူ

လုပ်ငန်းခွင်တိုင်းမှာ ဝန်ထမ်းအမျိုးအစားနှစ်ခုကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်၊ ပထမအမျိုးအစားကတော့ သူတို့ရဲ့ Job Description (JD) မှာပါတဲ့အလုပ်တွေကို ကျေပွန်အောင် လုပ်ဆောင်တဲ့ "ကောင်းမွန်တဲ့ ဝန်ထမ်း (Good Employee)" တွေပေါ့။ သူတို့ဟာ အဖွဲ့အစည်းဆိုတဲ့ စက်ယန္တရားကြီးမှာ အရေးပါတဲ့အစိတ်အပိုင်းတွေဖြစ်တယ်၊ ဒါပေမဲ့ ဒုတိယအမျိုးအစားကတော့ JD ကို "အနိမ့်ဆုံးလိုအပ်ချက် (Minimum Requirement)" အဖြစ်သာရှုမြင်ပြီး၊ အဲ့ဒီအဆင့်ကိုကျော် လွန်ကာ အဖွဲ့အစည်းတစ်ခုလုံးအတွက် တန်ဖိုးကိုဖန်တီးပေးတဲ့ "အရေးပါအရာရောက်တဲ့သူ (Indispensable Asset)" တွေပါ။

ခေါင်းဆောင်တိုင်းဟာ ပထမအမျိုးအစားဝန်ထမ်းတွေကို တန်ဖိုးထားပေမယ့်၊ သူတို့ရဲ့ အရေးအကြီးဆုံးစီမံကိန်းတွေ၊ ရာထူးတိုးပေးဖို့စဉ်းစားတဲ့အခါမှာတော့ ဒုတိယအမျိုးအစားကိုပဲ အမြဲတမ်းရှာဖွေကြလေ့ရှိပါတယ်၊ ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ "အလုပ်လုပ်သူ" တွေသက်သက်မဟုတ်ဘဲ "တန်ဖိုးဖန်တီးသူ (Value Creators)" တွေဖြစ်နေလို့ပါပဲ။

ဒါဟာ ကံတရားကြောင့်ဖြစ်လာတာမဟုတ်ဘူး၊ကိုယ်တိုင် တမင်တကာတည်ဆောက်ယူရမယ့် ဗျူဟာမြောက် ကျင့်ကြံမှု့တစ်ခုဖြစ်တယ်၊ ကိုယ်ဟာ အလွယ်တကူအစားထိုးလို့ရတဲ့သူတစ်ယောက် အဖြစ်ကနေ၊ အဖွဲ့အစည်းက လက်လွှတ်မခံနိုင်တဲ့သူတစ်ယောက်ဖြစ်လာဖို့အတွက်"Mindset Shift" တွေနဲ့ "Discipline" တွေကို မွေးမြူရပါလိမ့်မယ်။

တာဝန်ပြီးမြောက်ရေးထက် ပြဿနာဖြေရှင်းရေးကို အဓိကထားဖို့လိုပါမယ်၊ သာမန်ဝန်ထမ်းတွေဟာ "ခိုင်းတဲ့အလုပ်" ကို ပြီးအောင်လုပ်ဆောင်ကြပြီး အရေးပါတဲ့သူတွေကတော့ "လုပ်ငန်းရဲ့ပြဿနာ" ကို ဖြေရှင်းပါတယ်။ သူတို့ဟာ "ဒီအလုပ်ကို ဘယ်လိုပြီးအောင်လုပ်ရမလဲ" လို့မေးမယ့်အစား၊ "ဘာကြောင့် ဒီအလုပ်ကို ငါတို့လုပ်နေရတာလဲ ဒီထက်ပိုကောင်းတဲ့နည်းလမ်းနဲ့ ဒီပြဿနာကို ဖြေရှင်းလို့မရဘူးလား?" ဆိုတဲ့ ဗျူဟာမြောက်မေးခွန်းကို အရင်ဆုံးမေးတတ်တဲ့သူတွေဖြစ်ပါတယ်။

ကိုယ့်ရဲ့ JD အပြင်ဘက်က လုပ်ငန်းရဲ့အကြီးမားဆုံးစိန်ခေါ်မှု့တွေကို နားလည်အောင်ကြိုးစားကြည့်ပါ၊
ပြဿနာတစ်ခုကို ကိုယ့်မန်နေဂျာဆီမယူသွားခင်၊ ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းချက်အနည်းဆုံး (၂) ခုကို အတူတကွယူဆောင်သွားပါ။

"ဒါက ကျွန်တော့်အလုပ်မဟုတ်ဘူး" ဆိုတဲ့စကားလုံးကို ကိုယ့်အဘိဓာန်ထဲကနေ ဖျက်ထုတ်လိုက်ပါ။

သာမန်ဝန်ထမ်းတွေဟာ သူတို့ရဲ့ဌာန (Silo) ထဲမှာပဲ အလုပ်လုပ်ကြလေ့ရှိပြီး အရေးပါတဲ့သူတွေကတော့ ဌာနတွေကြားက "ပေါင်းကူးတံတား (Bridge)" တွေဖြစ်လာအောင် တည်ဆောက်ကြပါတယ်။သူတို့ဟာ ကိုယ့်အလုပ်က တခြားဌာနတွေအပေါ် ဘယ်လိုသက်ရောက်မှု့ရှိလဲ၊ တခြားဌာနတွေရဲ့အလုပ်က ကိုယ့်အပေါ်ဘယ်လိုသက်ရောက်မှု့ရှိလဲဆိုတာကို နားလည်ကြပြီး ပူးပေါင်းဆောင်ရွက်မှု့ကို အားပေးတဲ့ "Organizational Citizenship Behavior" (အဖွဲ့အစည်းဆိုင်ရာ နိုင်ငံသားကောင်းကျင့်ဝတ်) ကို ပြသကြပါတယ်။

တခြားဌာနက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကော်ဖီအတူတူသောက်ပြီး သူတို့ရဲ့အကြီးမားဆုံးစိန်ခေါ်မှု့ တွေက ဘာလဲဆိုတာကို မေးမြန်းနားထောင်ကြည့်ပါ။ ကိုယ့်ရဲ့ကျွမ်းကျင်မှု့က သူတို့ရဲ့ပြဿနာကို ဘယ်လိုကူညီဖြေရှင်းပေးနိုင်မလဲဆိုတာကို အကြံဉာဏ်ပေးပါ။

Cross-functional project တွေမှာ တက်ကြွစွာပါဝင်ပြီး မိမိကိုယ်ကိုယ် "ကျွန်းတစ်ကျွန်း" မဟုတ်ဘဲ၊ "ကွန်ရက်ရဲ့ဗဟိုချက်" တစ်ခုဖြစ်အောင်လုပ်ပါ။

အရေးပါတဲ့သူတစ်ယောက်ရဲ့ အဓိကကုန်အမှတ်တံဆိပ်ကတော့ "ယုံကြည်စိတ်ချရမှု့ (Reliability)" ပါ၊ သူတို့ဟာ "Yes" လို့ပြောလိုက်ရင် အဲ့ဒီအလုပ်ဟာ ပြီးမြောက်သွားလိမ့်မယ်ဆိုတာကို အဖွဲ့သားအားလုံး က မျက်စိမှိတ်ယုံကြည်ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို တစိုက်မတ်မတ် (Consistently) တာဝန်ယူမှု့အပြည့်နဲ့ လုပ်ဆောင်ခြင်းအားဖြင့် သူတို့ရဲ့ Personal Brand ကိုတည် ဆောက်ကြပါတယ်။

ကိုယ်တကယ်လုပ်နိုင်တာထက် နည်းနည်းလျှော့ပြီး ကတိပေးပါ၊ ပြီးရင် ကတိပေးထားတာထက် ပိုပြီးကောင်းအောင်လုပ်ဆောင်ပြပါ။ ပြဿနာတစ်ခုခုဖြစ်နိုင်ခြေရှိတာကို ကြိုမြင်တာနဲ့ ချက်ချင်း အသိပေးပါ၊ သတင်းဆိုးကို စောစောအသိပေးခြင်းဟာ ယုံကြည်မှု့ကိုတည်ဆောက်ရာရောက်ပါတယ်။

အမှားလုပ်မိတဲ့အခါ ဆင်ခြေမပေးဘဲ၊ "ဒါ ကျွန်တော့်အမှားပါ၊ ဒီကနေ ဘာသင်ခန်းစာယူပြီး နောက်တစ်ခါမဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာကို အာရုံစိုက်ပါမယ်" လို့ ရဲရဲဝံ့ဝံ့တာဝန်ယူပါ။

အရေးပါအရာရောက်တဲ့သူတစ်ယောက်ဖြစ်ခြင်းရဲ့ အမြင့်ဆုံးအဆင့်ကတော့ သူတို့ဟာကိုယ်တစ် ယောက်တည်းတော်ဖို့ကိုပဲ အာရုံမစိုက်ပါဘူး၊ သူတို့ဟာ သူတို့ရဲ့အသိပညာ၊ ကျွမ်းကျင်မှု့နဲ့ အတွေ့အကြုံတွေကို မျှဝေခြင်းအားဖြင့် သူတို့ရဲ့အဖွဲ့သားတွေကိုပါ ပိုကောင်းလာအောင် ဆွဲတင်ပေးတဲ့ "Force Multiplier" တွေဖြစ်တယ်။ သူတို့ဟာ အဖွဲ့ရဲ့ "စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု့ (Psychological Safety)" ကို တည်ဆောက်ပေးပြီး တခြားသူတွေရဲ့ အကောင်းဆုံးအရည်အချင်းတွေ ထွက်ပေါ်လာနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပါတယ်။

ကိုယ့်ရဲ့အသိပညာတွေကို ဝှက်မထားပါနဲ့။ အဖွဲ့ထဲက ဂျူနီယာဝန်ထမ်းတွေကို Mentor လုပ်ပေးပါ။ တခြားသူတွေရဲ့ အောင်မြင်မှုကို ကိုယ့်ရဲ့အောင်မြင်မှု့လိုပဲ အသိအမှတ်ပြုပြီး ဂုဏ်ပြုပေးပါ။ အစည်း အဝေးတွေမှာ အသံတိတ်နေတဲ့သူတွေကို "မ... ရော ဘယ်လိုမြင်လဲမသိဘူး" ဆိုပြီး သူတို့ရဲ့အသံထွက် လာအောင် အခွင့်အရေးပေးပါ။

လုပ်ငန်းခွင်မှာ အရေးပါအရာရောက်တဲ့သူတစ်ယောက်ဖြစ်လာခြင်းဆိုတာ ရာထူးနဲ့မသက်ဆိုင်ပါဘူး။ ဒါဟာကိုယ်ရွေးချယ်ကျင့်သုံးတဲ့ "Mindset" နဲ့ "Discipline" နဲ့ပဲဆိုင်ပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံ လို လုပ်ငန်းခွင်ယဉ်ကျေးမှု့တွေ အရှိန်အဟုန်နဲ့ပြောင်းလဲနေပြီး ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှု့နဲ့ ကိုယ်ပိုင်ဘဝတိုးတက်မှု့ (Personal Fulfillment) အပေါ်ထားတဲ့ မျှော်လင့်ချက်တွေ မြင့်တက်လာတဲ့ ခေတ်မှာ ကိုယ့်ကိုယ်ကိုယ် "Indispensable Asset" တစ်ယောက်အဖြစ်တည်ဆောက်ခြင်းဟာ ကုမ္ပဏီ အတွက်သာမက ကိုယ့်ရဲ့ ကိုယ်ပိုင်တိုးတက်မှု့အတွက်ပါ အကောင်းဆုံးသော မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု့တစ်ခုဖြစ်တယ်။



28/09/2025

လုပ်ငန်းကို “စနစ်” ချတော့မယ်ဆိုရင်

လုပ်ငန်းရှင်အများစုမှာ အထူးသဖြင့် အသေးစားနဲ့ အလတ်စားလုပ်ငန်း (SME) ပိုင်ရှင်တွေဟာ သူတို့ရဲ့ လုပ်ငန်းမှာ အတော်ဆုံးနဲ့ အလုပ်အများဆုံး "ဝန်ထမ်း" တွေဖြစ်နေတတ်ကြပါတယ်၊ သူတို့ဟာ ပြဿနာဖြစ်လာရင် ရှေ့ဆုံးကဝင်ရှင်းတယ်၊ အရေးကြီးတဲ့ဆုံးဖြတ်ချက်တိုင်းကို သူတို့ကိုယ်တိုင် ချတယ်၊ သူတို့မရှိရင် လုပ်ငန်းတစ်ခုလုံးက ရပ်တန့်သွားသလိုဖြစ်နေတတ်ပါတယ်။

ဒါကို "Hero Syndrome" လို့ခေါဆိုပြီး အပေါ်ယံကြည့်ရင် တာဝန်ယူမှု့အပြည့်ရှိတယ်လို့ထင်ရပေမယ့်၊ တကယ်တမ်းမှာတော့ လုပ်ငန်းရဲ့ တိုးတက်မှု့ကို အဟန့်အတားဖြစ်စေတဲ့ အကြီးမားဆုံးသော "Bottleneck" တစ်ခုဖြစ်နေပါတယ်၊ မိမိကိုယ်တိုင်ဟာ လုပ်ငန်းရဲ့ အင်ဂျင်ဖြစ်နေတာမဟုတ်ဘဲ၊ အင်ဂျင်ကိုလည်ပတ်ခွင့်မပေးတော့တဲ့ "ဘရိတ်" ဖြစ်နေတတ်တာမျိုးပါ။

တကယ့်အောင်မြင်တဲ့လုပ်ငန်းတစ်ခုဆိုတာ လူတစ်ယောက်ရဲ့ ထူးချွန်မှု့အပေါ်မှာသာ တည်ဆောက် ထားတာမဟုတ်ပါဘူး၊ ဒါဟာ လူတွေပြောင်းလဲသွားရင်တောင် တည်ငြိမ်စွာလည်ပတ်နိုင်တဲ့ ခိုင်မာတဲ့ "စနစ် (System)" တစ်ခုအပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်၊

လုပ်ငန်းရှင်အများစုဟာ "စနစ်ချမယ်" ဆိုတာနဲ့ လုပ်ငန်းစဉ် (Procedure) တွေ၊ Software တွေကို အရင်ဆုံးပြေးမြင်တတ်ကြပါတယ်၊ ဒီလိုမြင်တာဟာ အိမ်တစ်လုံးဆောက်တဲ့အခါ အုတ်မြစ်မချဘဲ နံရံကိုအရင်စီသလိုပါပဲ။ အဓိကအရေးကြီးဆုံးအချက်ကတော့ "မူဝါဒ (Policy)" ကို ပထမဦးစွာ ခိုင်ခိုင်မာမာ သတ်မှတ်ဖို့ဖြစ်ပါတယ်။

Policy ဆိုတာ လုပ်ငန်းရဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitution)" ပါပဲ။ ကိုယ့်လုပ်ငန်းရဲ့ Vision (မျှော်မှန်းချက်)၊ Mission (ရည်မှန်းချက်) နဲ့ Strategy (နည်းဗျူဟာ) တွေကနေ တိုက်ရိုက်မွေးဖွားလာတဲ့ အခြေခံမူတွေ၊ ယုံကြည်ချက်တွေနဲ့ "ကစားပွဲရဲ့ စည်းမျဉ်း" တွေဖြစ်ပါတယ်။ ခိုင်မာတဲ့ Policy မရှိဘဲ ချမှတ်လိုက်တဲ့ ဘယ် System မဆိုဟာ လမ်းညွှန်မှု့မဲ့ပြီး မကြာခင်မှာပဲ ပရမ်းပတာပြန်ဖြစ်သွားမှာ အသေအချာပါပဲ။

လုပ်ငန်းတစ်ခုကို စနစ်ချတယ်ဆိုတာ ရှုပ်ထွေးတဲ့ Software တွေဝယ်သုံးခိုင်းနေတာမဟုတ်ပါဘူး၊ ဒါဟာ "အတွေးအခေါ် (Mindset)" ကို အရင်ဆုံးပြောင်းလဲရတဲ့ ဗျူဟာမြောက် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

ပထမဆုံးနဲ့ အခက်ခဲဆုံးအဆင့်ကတော့ "ငါလုပ်မှအကောင်းဆုံးဖြစ်မယ်" ဆိုတဲ့ Ego ကို စွန့်လွှတ် လိုက်ဖို့ပါပဲ(နေရာတကာပါချင်တဲ့စိတ်ကိုဖျောက်ပါ)၊ ကိုယ့်ရဲ့တာဝန်ဟာ အလုပ်တွေကို "လုပ်ဆောင်သူ (Doer)" အဖြစ်ကနေ၊ အလုပ်တွေအလိုအလျောက်ပြီးမြောက်စေမယ့် "စနစ်ကိုတည်ဆောက်သူ (System Builder)" အဖြစ်သို့ ပြောင်းလဲလိုက်ရပါမယ်။

ကိုယ့်ရဲ့ Vision, Mission, Strategy တွေကို စားပွဲပေါ်တင်ပြီး၊ ဌာနတစ်ခုချင်းစီအတွက် လမ်းညွှန်ပေး မယ့် အဓိက Policy တွေကို ရှင်းလင်းပြတ်သားစွာရေးဆွဲပါ။ ဥပမာ- "ကျွန်တော်တို့ရဲ့ Customer Service Policy ကတော့ ဖောက်သည်တိုင်းကို ၂၄ နာရီအတွင်းမှာ မဖြစ်မနေပြန်လည်ဆက်သွယ်ရမယ်" ဆိုတာမျိုးပေါ့ဗျာ။

V-M-S တွေသေချာပြီဆိုမှ Procedure (လုပ်ငန်းစဉ်) တွေရဲ့အလှည့်ရောက်တာပါ၊ Procedure တိုင်းဟာ အပေါ်ကချမှတ်ထားတဲ့ Policy ရဲ့ အောက်မှာပဲ ရေးဆွဲရပါမယ်၊ Policy က "ဘာလုပ်ရမယ် (What)" နဲ့ "ဘာကြောင့်လုပ်ရမယ် (Why)" ကိုပြောပြီး၊ Procedure ကတော့ "ဘယ်လိုလုပ်ရမယ် (How)" ဆိုတာကို အသေးစိတ်အဆင့်ဆင့်လမ်းညွှန်ပေးတဲ့ Standard Operating Procedures (SOPs) တွေဖြစ်တယ်။

စနစ်ဆိုတာတွေဟာ သူ့ချည်းသက်သက်တော့အလုပ်မလုပ်ပါဘူး၊ အဲ့ဒီစနစ်တွေကို အသက်ဝင်အောင် လုပ်စေမှာကတော့ "လူ" တွေပါပဲ၊ ဒါကြောင့် ခိုင်မာတဲ့ Human Resource Management (HRM) စနစ်တစ်ခုကို တည်ဆောက်ခြင်းဟာ အရေးအကြီးဆုံးအချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဒါကို အဆင့်ဆင့်တည်ဆောက်ရပါမယ်-

HR Philosophy အပိုင်းမှာဆိုရင် ကိုယ့်လုပ်ငန်းက ဝန်ထမ်းတွေကို ဘယ်လိုရှုမြင်သလဲ (ဥပမာ- "ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေဟာ အဖိုးတန်ဆုံး Asset ဖြစ်တယ်") ဆိုတဲ့ HR Vision, Mission ကို အရင်သတ်မှတ်ပါ။

HR Policyအပိုင်းမှာဆိုရင် အဲ့ဒီ Philosophy အပေါ်မူတည်ပြီး ဝန်ထမ်းတွေလိုက်နာရမယ့် အမူအကျင့်၊ စံနှုန်းတွေကိုချမှတ်ပါ။ (ဥပမာ- Performance-based ရာထူးတိုးစနစ်၊ ပွင့်လင်းမြင်သာသော Feedback ယဉ်ကျေးမှု့)။

HR Practicesအပိုင်းမှာဆိုရင် အဲ့ဒီ Policy တွေကို လက်တွေ့အကောင်အထည်ဖော်မယ့် လုပ်ဆောင် ချက်တွေ (ဥပမာ- လစဉ် One-on-one Meeting၊ Skill Development Training) ကို ကျင့်သုံးပါ။

ခိုင်မာတဲ့စနစ်တစ်ခုတည်ဆောက်ပြီးရင်၊ အဲ့ဒီစနစ်ကို ပိုပြီးထက်မြက်အောင် ပိုပြီးထိရောက်အောင် လုပ်ဆောင်ဖို့လိုပါသေးတယ်၊

Data & Intelligence ကို သေချာအသုံးချတာမျိုးကိုဦးစားပေးပြီး ခန့်မှန်းချက်တွေ၊ ခံစားချက်တွေနဲ့ ဆုံးဖြတ်ချက်မချပါနဲ့တော့။ လုပ်ငန်းစဉ်တိုင်းကထွက်လာတဲ့ Data တွေကို စုဆောင်းပါ၊ ခွဲခြမ်း စိတ်ဖြာပါ၊ ပြီးတော့ အဲ့ဒီကရလာတဲ့ Intelligence ကိုသုံးပြီး ဗျူဟာမြောက် ဆုံးဖြတ်ချက်တွေ ချမှတ်ပါ။

ငြီးငွေ့စရာကောင်းတဲ့၊ ထပ်ခါတလဲလဲလုပ်ရတဲ့အလုပ်တွေကို Automation နဲ့အစားထိုးပါ၊ ဒါဟာ လူသားအမှားအယွင်းကိုလျှော့ချပေးရုံသာမက၊ ကိုယ့်ဝန်ထမ်းတွေကို တီထွင်ဖန်တီးရမယ့်၊ မဟာဗျူဟာ ကျကျစဉ်းစားရမယ့် တန်ဖိုးမြင့်အလုပ်တွေအတွက် အချိန်ပိုရစေပါတယ်။

စနစ်ကောင်းတစ်ခုဟာ လူတွေကြားက ပူးပေါင်းဆောင်ရွက်မှု့ကို အစားထိုးဖို့မဟုတ်ပါဘူး၊ အဲ့ဒီပူးပေါင်းဆောင်ရွက်မှု့ကို ပိုပြီးလွယ်ကူချောမွေ့အောင်လုပ်ဆောင်ပေးဖို့ဖြစ်တယ်။ ဌာနတွေ ကြားမှာ တစ်စည်းတစ်လုံးတည်းဖြစ်အောင်၊ အတားအဆီးတွေမရှိအောင် စနစ်က ပံ့ပိုးပေးရပါမယ်။ တစ်ယောက်တည်းမလုပ်နိုင်တဲ့ ကြီးမားတဲ့ပန်းတိုင်တွေကို အဖွဲ့လိုက်အောင်မြင်အောင်လုပ်ဆောင်နိုင်ဖို့ ဒီစနစ်က ကူညီပေးရပါမယ်။

လုပ်ငန်းတစ်ခုကို စနစ်ချတယ်ဆိုတာဟာ အချိန်ကုန်၊ လူပင်ပန်းဖြစ်ရတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပေမယ့်၊ ဒါဟာကိုယ့်လုပ်ငန်းရဲ့ အနာဂတ်အတွက် ကိုယ်လုပ်နိုင်တဲ့ အကောင်းဆုံးသော ဗျူဟာမြောက် ရင်းနှီး မြှုပ်နှံမှု့တစ်ခုဖြစ်ပါတယ်၊ စနစ်ကျတဲ့လုပ်ငန်းခွင်ဟာ ဝန်ထမ်းတွေအတွက်လည်း မသေချာမရေရာမှု့နဲ့ စိတ်ဖိစီးမှု့တွေကိုလျှော့ချပေးပြီး၊ သူတို့ရဲ့ အလုပ်နဲ့ဘဝဟန်ချက်ညီမှု (Work-Life Balance) ကိုပါ တိုးတက်စေပါတယ်။



28/09/2025

လုပ်ငန်းခွင်မှ “Professional”

ပြိုင်ဆိုင်မှု့ပြင်းထန်တဲ့ လုပ်ငန်းခွင်လောကမှာ “Professional ဖြစ်တယ်” ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ မကြာခဏ ကြားဖူးနေရလေ့ရှိပါတယ်၊ Professional ဆိုတာ ရာထူးကြီးတစ်ခုရခြင်း၊ လစာကောင်းကောင်းရခြင်း၊ အကောင်းစားဝတ်စုံများကို ဝတ်ဆင်ခြင်းမျှသာ မဟုတ်ပါဘူး။ ဒါဟာ လူတစ်ဦးရဲ့ အလုပ်အပေါ်ထားရှိသော စိတ်ဓာတ်၊ ကျင့်ဝတ်၊ အမူအကျင့်နှင့် အရည်အသွေးတို့ကို ပေါင်းစပ်ဖွဲ့စည်းထားသော ဂုဏ်ရည်တစ်ခုသာဖြစ်တယ်။ လုပ်ငန်းခွင်အတွင်း မိမိကိုယ်ကို တန်ဖိုး မြှင့်တင်ပြီး အောင်မြင်မှု့ရရှိလိုသူတိုင်း မဖြစ်မနေ နားလည်ထားရမည့် အခြေခံသဘောတရား ဖြစ်ပါတယ်။

Professional တစ်ဦးရဲ့ အခြေခံအကျဆုံး လက္ခဏာရပ်ကတော့ မိမိတာဝန်ယူထားတဲ့ လုပ်ငန်းတာဝန် များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်တယ်၊ ဒီနေရာမှာကိုယ့်ရဲ့ ကျွမ်းကျင်မှု့(expertise) ကို အစဉ်မပြတ် လေ့လာဆည်းပူးခြင်း၊ နောက်ဆုံးပေါ် နည်းပညာများနှင့် အဖြစ်အပျက်များကို အမြဲ မပြတ် အမီလိုက်နေခြင်းတို့ ပါဝင်တယ်၊ အရည်အသွေးပြည့်ဝတဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာ စေရန် အာရုံစိုက်ပြီး အလုပ်ကို ဖြစ်ကတတ်ဆန်း မလုပ်ဘဲ စေ့စပ်သေချာစွာ ဆောင်ရွက်တတ်သူ သာလျှင် Professional လို့ ခေါ်ဆိုထိုက်ပါတယ်။

Professional တွေဟာ အလုပ်ကို အလုပ်နှင့်တူအောင် လေးစားတန်ဖိုးထားကြပြီး အလုပ်ချိန်ကို တိကျစွာလေးစားလိုက်နာခြင်း၊ ပေးအပ်ထားသော တာဝန်များကို သတ်မှတ်ချိန်အတွင်း အကောင်းဆုံးပြီးစီးအောင် ဆောင်ရွက်ခြင်း၊ အမှားအယွင်းတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အခြားသူများအပေါ် လွှဲချမည့်အစား မိမိ၏ တာဝန်အဖြစ် ရဲရဲဝံ့ဝံ့လက်ခံပြီး ပြုပြင်ဆောင်ရွက်ရန် ကြိုးစားခြင်းတို့ဟာ သူတို့ရဲ့ အဓိက စိတ်ဓာတ်ဖြစ်တယ်။ တာဝန်ယူစိတ် (Accountability) အပြည့်ရှိ ခြင်းဟာလည်း ယုံကြည်မှု့ကို တည်ဆောက်နိုင်သော အရေးကြီးဆုံးသော့ချက် ဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာ Professional တစ်ဦးအတွက် ကျင့်ဝတ်သိက္ခာသည် အသက်တမျှ အရေးကြီးပါတယ်။ ရိုးသားဖြောင့်မတ်ခြင်း၊ ကုမ္ပဏီ၏ လျှို့ဝှက်အပ်သော အချက်အလက်များကို ထိန်းသိမ်းစောင့် ရှောက်ခြင်း၊ မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်ခြင်းနှင့် ကိုယ်ကျိုးအတွက် မသမာသော နည်းလမ်းများကို မသုံးခြင်းတို့ဟာ မရှိမဖြစ်လိုအပ်သော အရည်အချင်းများဖြစ်တယ်၊ သမာဓိ (Integrity) ရှိသော ဝန်ထမ်းဟာ လုပ်ဖော်ကိုင်ဖက်များနှင့် အထက်လူကြီးများ၏ လေးစားယုံကြည်မှု့ ကိုသာမက မိမိကိုယ်ကိုလေးစားမှု့ (Self-respect) ကိုပါ ရရှိစေပါတယ်။

Professional တစ်ဦးဟာ မိမိတစ်ဦးတည်း ထူးချွန်နေရုံမျှဖြင့် မလုံလောက်ပဲ၊ အခြားလုပ်ဖော်ကိုင် ဖက်များ၊ အထက်အရာရှိများ၊ လက်အောက်ဝန်ထမ်းများ၊ နှင့် ဖောက်သည်များနှင့်ပါ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ရပါတယ်၊ အပြုသဘောဆောင်တဲ့ ပြောဆိုဆက်ဆံရေး၊ သူတစ်ပါးရဲ့ အမြင်ကို လေးစားစွာနားထောင်ခြင်း (Active Listening)၊ မိမိရဲ့ အယူအဆကို ရှင်းလင်းပြတ်သားစွာ တင်ပြနိုင်ခြင်းနှင့် အသင်းအဖွဲ့၏ ဘုံရည်မှန်းချက်အတွက် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်းတို့ဟာ Professionalism ၏ အရေးပါသော အစိတ်အပိုင်းများ ဖြစ်ကြတယ်။

လူတစ်ဦးရဲ့ အသွင်အပြင်နှင့် အမူအရာဟာ သူရဲ့ Professionalism ကို ပထမဆုံး ထင်ဟပ်စေတဲ့ အရာများဖြစ်တယ်၊ လုပ်ငန်းခွင်နှင့် သင့်တော်သော၊ သပ်ရပ်သန့်ရှင်းသော ဝတ်စားဆင်ယင်မှု့ဟာ မိမိကိုယ်ကိုရော၊ မိမိအလုပ်လုပ်နေသော အဖွဲ့အစည်းကိုပါ လေးစားရာရောက်ပါတယ်။ ထို့အပြင် စိတ်ဖိစီးမှု့များ၊ ကိုယ်ရေးကိုယ်တာ ပြဿနာများ မည်သို့ပင်ရှိစေကာမူ လုပ်ငန်းခွင်တွင် တည်ငြိမ် အေးဆေးသော အမူအရာ၊ ယဉ်ကျေးပျူငှာသော ဆက်ဆံမှု့နှင့် အကောင်းမြင်စိတ်တို့ကို ထိန်းသိမ်းပြသနိုင်ခြင်းဟာ ရင့်ကျက်သော Professional တစ်ဦး၏ လက္ခဏာပင်ဖြစ်တယ်။

Professional လို့ သတ်မှတ်ခံရသူတွေဟာ "ငါအားလုံးတတ်ပြီ" ဟု ဘယ်တော့မှ မခံယူကြပါဘူး၊ လောကကြီးဟာ အမြဲတစေ ပြောင်းလဲနေတာနှင့်အညီ မိမိတို့ရဲ့ အရည်အချင်းများကိုလည်း အမြဲမပြတ် ဆန်းစစ်သုံးသပ်ဝေဖန်ပြီး အသစ်အသစ်သော အသိပညာ၊ ကျွမ်းကျင်မှု့များကို လေ့လာဖြည့်ဆည်းနေကြလေ့ရှိပါတယ်၊ ဝေဖန်အကြံပြုချက်တွေကို ပွင့်လင်းစွာ လက်ခံပြီး မိမိကိုယ်ကို ပိုမိုတိုးတက်ကောင်းမွန်အောင် အမြဲကြိုးစားနေသူများ ဖြစ်ကြတယ်။

"လုပ်ငန်းခွင်မှ Professional ဆိုတာ" ရာထူး၊ အသက်အရွယ်၊ ပညာအရည်အချင်းတို့ဖြင့်သာ တိုင်းတာနိုင်တဲ့ အရာမဟုတ်ဘဲ၊ မိမိရဲ့ အလုပ်အပေါ်ထားရှိသော စိတ်ဓာတ်၊ တာဝန်ယူမှု့၊ ကျင့်ဝတ်သိက္ခာ၊ ဆက်ဆံရေးနှင့် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှု့တို့ရဲ့ ပေါင်းစုရလဒ်ပင် ဖြစ်ပါတယ်၊ ဒီအရည်အချင်းတွေကို မိမိကိုယ်တိုင် မွေးမြူပျိုးထောင်ခြင်းအားဖြင့် မည်သည့်လုပ်ငန်း ခွင်၌မဆို အခြားသူများရဲ့ လေးစားယုံကြည်မှု့ကို ရရှိနိုင်ပြီး မိမိရဲ့ အသက်မွေးဝမ်းကြောင်း လမ်းခရီး တွင် အောင်မြင်တိုးတက်မှု့ကို လက်တွေ့ကျကျ တည်ဆောက်နိုင်မှာဖြစ်တယ်။
Professionalism is an attitude, a demeanour, not a set of competencies. လို့သာမှတ်ထားကြပါ။



Address

903, 1st Floor, 5 Quarter, South Okkalapa Township
Yangon

Alerts

Be the first to know and let us send you an email when Sapientia Consulting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share