19/11/2025
ဝယ်သူရဲ့ ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ် (Buyer Decision Process)
အောင်မြင်တဲ့ စျေးကွက်ရှာဖွေရေး (Marketing) ဆိုတာ မှန်ကန်တဲ့ ထုတ်ကုန်ကို၊ မှန်ကန်သော နေရာတွင်၊ မှန်ကန်သော ဈေးနှုန်းဖြင့်၊ မှန်ကန်သော ကြော်ငြာမြှင့်တင်မှု နည်းလမ်း (4Ps) ဖြင့် ရောင်းချခြင်းမျှသာ မဟုတ်ပါဘူး၊ ဒီအရာတွေထက် ပိုမို နက်ရှိုင်းတဲ့ "အဘယ်ကြောင့်" (Why) ကို နားလည်ခြင်း ဖြစ်ပါတယ်။ စားသုံးသူတစ်ဦးဟာ ထုတ်ကုန်ကို "အဘယ်ကြောင့်" ဝယ်ယူသလည်း၊ "မဝယ်" ဘူးဆိုလျှင် "အဘယ်ကြောင့်" မဝယ်သလည်းဆိုတာကို ဿီရပါမယ်။
Marketer အများစုဟာ "ဝယ်ယူခြင်း" (Purchase) ဆိုတဲ့ အပြုအမူတစ်ခုတည်းကိုသာ အာရုံစိုက် လေ့ရှိကြပြီး ဝယ်ယူခြင်းဟာ ခလုတ်တစ်ခုကို နှိပ်လိုက်သကဲ့သို့ ချက်ချင်း ဖြစ်ပေါ်လာတဲ့ အရာ မဟုတ်ဘူး၊ ဒါကစားသုံးသူရဲံ စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် ရှုပ်ထွေးတဲ့"လုပ်ငန်းစဉ်" (Process) တစ်ခုရဲ့ နောက်ဆုံး ရလဒ်သာ ဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်ကို "ဝယ်သူရဲ့ ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်" (Buyer Decision Process) လို့ ခေါ်ဆိုပြီး၊ သူ့မှာအဓိက အဆင့် (၅) ဆင့် ပါဝင်ပါတယ်။ Marketer တစ်ဦးရဲ့ အဓိက တာဝန်ဟာဒီအဆင့်တိုင်းကို နားလည်ပြီး၊ အဆင့်တိုင်းတွင် စားသုံးသူကို မှန်ကန်စွာ လွှမ်းမိုးနိုင်ရန် ကြိုးစားခြင်း ဖြစ်ပါတယ်။
ဝယ်သူ ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ် အဆင့် (၅) ဆင့် (The 5 Stages)
ဒီမော်ဒယ်ဟာ စားသုံးသူတစ်ဦးရဲံ ဝယ်ယူမှုတိုင်းကို လွှမ်းခြုံထားပြီး၊ အထူးသဖြင့် ဈေးနှုန်းမြင့်မား တဲ့ သို့မဟုတ် အရေးပါတဲ့(High-Involvement) ဝယ်ယူမှုတွေမှာ ပိုမို ထင်ရှားစွာ တွေ့မြင်နိုင်ပါပါတယ်။
အဆင့် ၁။ လိုအပ်ချက်ကို အသိအမှတ်ပြုခြင်း (Need Recognition)
ဝယ်ယူခြင်း လုပ်ငန်းစဉ်တိုင်းဟာ"လိုအပ်ချက်" (Need) သို့မဟုတ် "ပြဿနာ" (Problem) တစ်ခုကို အသိအမှတ်ပြုခြင်းမှ စတင်ပါတယ်။ ဒီအဆင့်မှာ စားသုံးသူဟာသူရဲံ လက်ရှိ အခြေအနေ (Actual State) နှင့် သူ လိုချင်တဲ့ အခြေအနေ (Desired State) ကြားတွင် ကွာဟမှု (Gap) တစ်ခု ရှိနေတာကို သတိပြုမိသွားတဲ့ အနေအထားပါ။
ဒီကွာဟမှုကို ဖြစ်စေတဲ့ အကြောင်းတရား (Stimuli) နှစ်မျိုး ရှိပါတယ်၊ အတွင်းပိုင်းမှ လှုံ့ဆော်မှု (Internal Stimuli)လို့ခေါ်တဲ့ (ဥပမာ - ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မလုံခြုံဟု ခံစားရခြင်း)။
အပြင်ပိုင်းမှ လှုံ့ဆော်မှု (External Stimuli)လို့ခေါ်တဲ့ (ဥပမာ - သူငယ်ချင်းရဲ့ ကားအသစ်ကို မြင်ခြင်း၊ ဖုန်းအသစ် ကြော်ငြာကို ကြည့်မိခြင်း၊ မွှေးကြိုင်သော ပေါင်မုန့်နံ့ ရခြင်း)တို့ဖြစ်ပါတယ်။
Marketerဟာစားသုံးသူတွေရဲ့ လိုအပ်ချက်များ (Needs) နှင့် ပြဿနာများ (Problems) ကို နားလည်ရန် သုတေသန (Research) ပြုလုပ်ရပါတယ်။ ပြီးနောက်သူတို့ရဲ့ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုက ဒီကွာဟမှုကို ဘယ်လို ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာကို ထိထိရောက်ရောက် ဆက်သွယ် ပြောဆို ရပါမယ်။
အဆင့် ၂။ အချက်အလက် ရှာဖွေခြင်း (Information Search)
လိုအပ်ချက်ကို အသိအမှတ်ပြုပြီးနောက်၊ စားသုံးသူဟာ ဒီပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ ထုတ်ကုန်များအကြောင်း အချက်အလက်တွေကို စတင် ရှာဖွေပါတော့တယ်။
အလွယ်တကူ ရှာဖွေခြင်း (Heightened Attention)လို့ဆိုတဲ့ (ဥပမာ - ကားဝယ်ရန် စိတ်ကူးရှိသူဟာ ကားကြော်ငြာများကို ပိုမို သတိထား ကြည့်မိလာခြင်း)။ တက်ကြွစွာ ရှာဖွေခြင်း (Active Information Search)လို့ခေါ်တဲ့ ကိုယ်ပိုင် အရင်းအမြစ် (Personal Sources) အရ မိသားစု၊ သူငယ်ချင်း၊လုပ်ဖော်ကိုင် ဖက် (ယုံကြည်မှု အရှိဆုံး)သူတွေကိုမေးတာမျိုး။
စီးပွားဖြစ် အရင်းအမြစ် (Commercial Sources) သဘောအရ ကြော်ငြာတွေ၊ အရောင်းဝန်ထမ်းတွေ၊ Website (သတင်းအများဆုံး၊ သို့သော် ယုံကြည်မှု အနည်းဆုံး)ဖြစ်ပါတယ်၊ အများပြည်သူ အရင်း အမြစ် (Public Sources) တွေဖြစ်တဲ့ သတင်းမီဒီယာ၊ Online Reviews (ဥပမာ - Facebook Review, Google Review)၊ စမ်းသပ်သုံးစွဲမှု အရင်းအမြစ် (Experiential Sources)လို့ဆိုတဲ့ ထုတ်ကုန်ကို ကိုယ်တိုင် စမ်းသပ်ကိုင်တွယ် ကြည့်ခြင်း (Test Drive)လုပ်ခြင်းမျိုး ကနေ အချက်အလက်တွေကို ရှာဖွေမှု့ ပြုလုပ်တာဖြစ်တယ်။
Marketer ရဲ့ အခန်းကဏ္ဍမှာ စားသုံးသူ ရှာဖွေနိုင်တဲ့ နေရာတိုင်း (Touchpoints) မှာ မိမိရဲ့ Brand အချက်အလက်တွေ အဆင်သင့် ရှိနေစေရန်ဆောင်ရွက်ရမှာဖြစ်သလို Website, Social Media, Customer Service နှင့် ကောင်းမွန်တဲ့ Public Reviews တွေလည်းရှိနေဖို့ အလွန် အရေးကြီးပါတယ်။
အဆင့် ၃။ ရွေးချယ်စရာများကို နှိုင်းယှဉ် သုံးသပ်ခြင်း (Evaluation of Alternatives)
ဒီအဆင့်မှာ စားသုံးသူဟာ ရရှိလာတဲ့ အချက်အလက်တွေကို အခြေခံပြီး သူရဲ့ "စဉ်းစားမည့် အစု" (Consideration Set) ထဲရှိ Brand တွေကို နှိုင်းယှဉ် သုံးသပ်ပါတယ်၊ စားသုံးသူတိုင်းမှာ နှိုင်းယှဉ်ရာ၌ အသုံးပြုတဲ့ "စံနှုန်း" (Criteria) များ ရှိနေပြီးသားဖြစ်ပါတယ်။
ဥပမာ: Laptop တစ်လုံး ဝယ်မယ်ဆိုရင် စံနှုန်းအနေနဲ့ ဈေးနှုန်း (Price)၊ ဘက်ထရီ သက်တမ်း (Battery Life)၊ အလေးချိန် (Weight)၊ စွမ်းဆောင်ရည် (Performance)၊ အမှတ်တံဆိပ် (Brand Name) စသည်တို့ ဖြစ်နိုင်ပါတယ်။စားသုံးသူဟာ ဒီစံနှုန်းတွေကို အခြေခံပြီး မည်သည့် Brand က သူ့အတွက် "တန်ဖိုး အရှိဆုံး" (Best Value) ကို ပေးနိုင်မလဲ ဆိုတာကို ဆုံးဖြတ်ပါတယ်။
မိမိရဲ့ ပစ်မှတ်ဖောက် (Target Customer) ဟာ မည်သည့် "စံနှုန်း" ကို အဓိက ထားပြီး ဆုံးဖြတ်ချက်ချ တယ်ဆိုတာကို သိရှိရပါမယ်၊ ပြီးရင် မိမိရဲ့ Brand က ဒီစံနှုန်းတွေမှာ ပြိုင်ဘက်တွေထက် ဘယ်လို သာလွန်ကြောင်း (Point of Differentiation - POD) ကို ရှင်းလင်းစွာ မီးမောင်းထိုး ပြသနိုင်ရပါမယ်။
အဆင့် ၄။ ဝယ်ယူရန် ဆုံးဖြတ်ခြင်း (Purchase Decision)
သုံးသပ်ပြီးနောက်၊ စားသုံးသူဟာ သူအကြိုက်ဆုံး Brand (Most Preferred Brand) ကို ဝယ်ယူဖို့ "ရည်ရွယ်ချက်" (Purchase Intention) ဖြစ်ပေါ်လာပါတယ်။
သို့သော် "ဝယ်ရန် ရည်ရွယ်ခြင်း" နှင့် "တကယ် ဝယ်ဖြစ်ခြင်း" (Purchase Action) ကြားမှာ အတား အဆီး နှစ်ခု ဝင်လာနိုင်ပါတယ် ၁။ အခြားသူတွေရဲ့ သဘောထား (Attitudes of Others) အနေနဲ့(ဥပမာ - မိမိက Brand A ကို ကြိုက်သော်လည်း၊ မိမိရဲ့ ဇနီး/ခင်ပွန်း သို့မဟုတ် သူငယ်ချင်းက Brand B က ပိုကောင်းတယ်လို့ ပြင်းပြင်းထန်ထန် ပြောဆိုဝေဖန်ခြင်း)။ ၂။ မထင်မှတ်ထားတဲ့ အခြေအနေတွေ (Unexpected Situational Factors)အနေနဲ့ (ဥပမာ - ဝယ်မည့် ဆိုင်ရောက်မှ ပစ္စည်းပြတ်သွားခြင်း၊ အလုပ်ပြုတ်သွား၍ ဝင်ငွေ မရှိတော့ခြင်း၊ ပြိုင်ဘက် Brand က ရုတ်တရက် အထူး Promotion ချလိုက်ခြင်း) မျိုးတွေလည်းကြုံတွေ့ရနိုင်ပါတယ်။
ဈေးကွက်ဖော်ဆောင်သူအနေနဲ့ ဝယ်ယူမှု ပြုလုပ်ဖို့ လွယ်ကူအောင်ပြုလုပ်ရမှာဖြစ်သလို၊ ပစ္စည်းမပြတ်စေရန် (Availability)၊ ငွေပေးချေမှု လွယ်ကူစေရန် (Easy Payment)၊ အရောင်း ဝန်ထမ်းတွေက ကူညီရန် အသင့်ရှိနေစေရန် (Good Service) စီစဉ်ထားရမှာပါ။
အဆင့် ၅။ ဝယ်ယူပြီးနောက် အပြုအမူ (Post-purchase Behavior)
Marketer အများစု လစ်လျူရှုလေ့ရှိပေမယ့် အရေးကြီးဆုံး အဆင့် ဖြစ်တဲ့ ဝယ်ယူပြီးနောက် စားသုံးသူရဲ့ ခံစားချက်ဟာ "ကျေနပ်မှု" (Satisfaction) သို့မဟုတ် "မကျေနပ်မှု" (Dissatisfaction) ဖြစ်နိုင်ချေရှိပါသေးတယ်။
Satisfaction = Perceived Performance (ရရှိသော စွမ်းဆောင်ရည်) vs. Expectations (မျှော်လင့်ချက်)
Performance < Expectations = Dissatisfied (မကျေနပ်)
Performance = Expectations = Satisfied (ကျေနပ်)
Performance > Expectations = Delighted (အလွန်အမင်း ကျေနပ်)
ဒီအဆင့်မှာ အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တစ်ခုမှာ "Cognitive Dissonance" (ဝယ်ပြီးနောက် စိတ်မခိုင်မာမှု/စိုးရိမ်မှု) ဖြစ်ပါတယ်၊ ဆိုလိုတာကတော့ "ငါ ရွေးချယ်လိုက်တာ မှန်ရဲ့လား" "ဟို Brand က ပိုကောင်းနေမလား" ဆိုတဲ့ စိတ်မလုံခြုံမှု ဖြစ်ပါတယ်။
Marketerတစ်ယောက်ရဲ့ အခန်းကဏ္ဍအနေနဲ့ဆိုရင် ၁။ ကြော်ငြာတွေမှာ မျှော်လင့်ချက်ကို အလွန်အကျွံ မပေးမိစေရန် (Set realistic expectations) သတိထားရမယ်၊ ၂။ ဝယ်ယူပြီးနောက် ဝယ်သူကို ကျေးဇူးတင်စကား ပြောခြင်း၊ ကောင်းမွန်တဲ့ After-sales Service ပေးခြင်း၊ အာမခံချက်များဖြင့် "သူ့ရဲ့ ရွေးချယ်မှု မှန်ကန်ကြောင်း" (Reassurance) ထပ်လောင်း အသိပေးခြင်းများ ပြုလုပ်ရပါမယ်၊ ၃။ မကျေနပ်မှုတွေ (Complaints) ကို လျင်မြန်စွာ ဖြေရှင်းပေးခြင်းဖြင့် မကျေနပ်တဲ့ ဖောက်သည်ကို သစ္စာစောင့်သိသော ဖောက်သည် (Loyal Customer) အဖြစ် ပြောင်းလဲနိုင်ရန် ကြိုးစားရပါမယ်။
Buyer Decision Process ကို နားလည်ခြင်းဟာ စားသုံးသူရဲ့ စိတ်ပညာကို နားလည်ခြင်းပင် ဖြစ်ပြီး ဒီလုပ်ငန်းစဉ်ဟာ စက်ဝိုင်းကဲ့သို့ ဖြစ်နေပြီး၊ အဆင့် (၅) မှ ရရှိတဲ့ အတွေ့အကြုံ (Post-purchase) သည် စားသုံးသူ နောက်တစ်ကြိမ် ဝယ်ယူသောအခါ အဆင့် (၂) (Information Search) အတွက် အရေးကြီးသော "Internal Information" သို့မဟုတ် အခြားသူများအတွက် "Public Source" (Review) ဖြစ်သွားမှာဖြစ်ပါတယ်။
"ရောင်းရန်" (Stage 4) တစ်ခုတည်းကိုသာ အာရုံစိုက်တဲ့ Marketer ဟာ ရေတိုမှာ အောင်မြင်နိုင်သော်လည်း၊ "လုပ်ငန်းစဉ် တစ်ခုလုံး" (Stage 1 မှ 5) ကို စီမံခန့်ခွဲနိုင်တဲ့ Marketer သာလျှင် ရေရှည် တည်တံ့ခိုင်မြဲသော စီးပွားရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။