24/03/2020
Corona Virus ရောက်လာတဲ့ ဒီနေ့မှာပဲ ဗဟိုဘဏ်ကနေ ဘဏ်အတိုးနှုန်းတွေကို ထပ်မံ့ လျှော့လိုက်ပါတယ်။
ဒါက SME လုပ်ငန်းတွေအတွက် ထိရောက်တဲ့ ကုစားမှု ဟုတ်မဟုတ် ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
အတိုးနှုန်းတွေ လျှော့ရတဲ့ သဘောက စီးပွားရေးလုပ်ငန်းတွေဆီကို ငွေကြးအရင်းအနှီး ပိုပြီးရောက်စေချင်တဲ့ သဘောဖြစ်ပေ့မယ့် လက်တွေ့မှာတော့ အဲလောက် ရိုးရှင်းမှာ မဟုတ်ပါဘူး။
ပထမဆုံး ဘဏ်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒီလိုအခြေအနေမှာ စွန့်စားပြီး ထုတ်ချေးဖို့ ကြောက်လန့်ကြမှာပါ။
နောက် လူတွေအနေနဲ့လည်း မိမိတို့ဘဏ်ကနေ ထုတ်ပြီး လုပ်ငန်းတွေဆီ ရင်းနှီးရလောက်အောင် ထိရောက်တဲ့ ငွေကြေးအရင်းအနှီး ဈေးကွက် (Capital Market) မရှိတာကြောင့် လူတွေဘက်က အရင်းအနှီးတွေ စီးပွားရေးလုပ်ငန်းတွေဆီ ရောက်ဖို့ ခဲယဉ်းပါလိမ့်မယ်။
ဒီတော့ လက်ရှိမှာ အနီးစပ်ဆုံး အဖြေကတော့ အစိုးရပါပဲ။ အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုပြီး အသေးစိတ်ကျတဲ့ မဟာဗျုဟာ တစ်ရပ် အလျင်အမြန်လိုနေပါပြီ။
သေချာတာကတော့ မကြာခင် စီးပွားရေးလုပ်ငန်း တစ်ချို့ ရပ်ဆိုင်းသွားမယ်။ လူတွေ အလုပ်ပြုတ်မယ်။ ဒီတော့ မသုံးစွဲနိုင်တော့ဘူး။ အဲကနေ ထပ်ပြီး စီးပွားရေးလုပ်ငန်း တွေအနေနဲ့ ရောင်းအားကျဆင်း။ အရှုံးပေါ် ။ ပိတ်ရနဲ့ စီးပွားရေး ကျဆင်းမှု သံသရာ ( Economic Downward Spiral) ကို တွေ့ရဖို့ ရှိပါတော့တယ်။
ဒါပေ့မယ့် အဆိုးတွေထဲမှာ အကောင်းတွေလဲ ရှိပါတယ်။ ဒီလိုအချိန်က အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး မဟာဗျုဟာချမှတ်ပြီး အကောင်အထည်ဖော်ဖို့ အကောင်းဆုံးပါပဲ။ နိုင်ငံအများ ကတော့ ငွေကြေးရိုက်နှိပ်ပြီး ဈေးကွက်ထဲက အက်ဆက် တွေကို ဝယ်ယူခြင်း(Quantitive Easing) ကိုလုပ်ကြတော့မှာပါ။
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လုပ်ကြမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့လည်း ဘယ်လိုလုပ်မလဲဆိုတာကို စပြီး စဉ်းစားရတော့မှာပါ။
ဒီနေရာမှာ စဉ်းစားလို့ရတဲ့ နည်းလမ်းနှစ်ခု ရှိနိုင်ပါတယ်။ ပြိုလဲကျနိုင်တဲ့ Risk အများဆုံးရှိတဲ့ လုပ်ငန်းတွေကို အလေးထားပြီး ကယ်တင်သွားမှာလား။ ဒါမှမဟုတ် ရေရှည်မြန်မာစီးပွားရေးအတွက် အလားအလာရှိတဲ့ စီးပွားရေးလုပ်ငန်း တွေကို အာရုံစိုက်ပြီး ရွေးချယ်သွားမှာလား။ ဒါကိုတော့ အစိုးရက ဆုံးဖြတ် ရွေးချယ်ရမှာပါ။
လက်ရှိအနေနဲ့ အကျပ်အတည်းကာလမှာ အရေးကြီးဆုံးကတော့ စားသောက်ကုန်လုပ်ငန်းတွေ နဲ့ သူနဲ့ဆက်စပ်နေတဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို အာရုံစိုက်ပြီး အားဖြည့်ပါဝင် ရမှာပါ။ ဒါက အကျပ်အတည်း ကာလအတွက် တစ်ခုပဲမဟုတ်ပဲ လယ်ယာစိုက်ပျိုးရေးကို အားထားရတဲ့ မြန်မာနိုင်ငံအနေနဲ့ ရေရှည်အတွက်ကော အားထားရမယ့် ကဏ္ဍဖြစ်ပါတယ်။ ခေတ်အဆက်ဆက် စားသောက်ကုန်လုပ်ငန်းတွေ ကို အားပေးတဲ့အခါမှာ ငွေထုတ်ချေးရုံ၊ ပြပွဲလုပ်ရုံလောက်တင် မဟုတ်ပဲ နည်းပညာ၊ Supply Chain ၊ Market ရှာဖွေရေးအပိုင်းမှာပါ ဝင်ရောက်ထောက်ပံ့သင့်ပါတယ်။ ဒါမှပဲ နောက်ဆို City Mart သွားရင် မြန်မာပြည်ထုတ် ပစ္စည်းကို ရှားရှားပါးပါးရှာနေရတဲ့ အဖြစ်ကနေ ရှောင်လွှားနိုင်မှာပါ။
နောက်အကျပ်အတည်းကာလအပြီး ပါဝင့်သင့်တဲ့ နယ်ပယ်ကတော့ Digital Economy ပိုင်းဖြစ်ပါတယ်။ ဒီတစ်ခေါက် အကျပ်အတည်းကနေ လူတွေအနေနဲ့ Digital Culture ကို ရင်းနှီး ကူးပြောင်းကြတော့မှာ ဖြစ်ပါတယ်။ ဒါကို အစိုးရအနေနဲ့ အခွင့်ကောင်းယူပြီး Digital Economy သွားဖို့ အတွက် ကြိုပြီး ပြင်ဆင်ထားသင့်ပါတယ်။ ပုံမှန်အခြေအနေလိုမျိုး လမ်းပန်း အဆောက်အအုံ(Physical Infrastructure) တွေကို ဆောက်ပြီး ဈေးကွက်ထဲကို ငွေထည့်တဲ့နည်းထက် Digital Infrastructure အတွက် အာရုံစိုက်ပြီး မြှင်တင်သင့်ပါတယ်။ “E-government” “E-commerce” “Digital Payment” “E-Learning” “Digital Health” စသော ဒီဂျစ်တယ် စီးပွားရေးပတ်ဝန်းကျင်တစ်ခုကို အစိုးရက ဉီးဆောင်ပြီး ဖန်တီးနိုင်ခဲ့ရင် ဒီတစ်ခေါက် အခြေအနေက မြန်မာနိုင်ငံအနေနဲ့ အမြတ်ထွက်သွားနိုင်ပါတယ်။
ငွေကြေးဆိုတာ အစိုးရတွေက ဖန်တီးထားတဲ့ ပုံပြင်တစ်ပုဒ်လို့ ပြောကြပါတယ်။ ဒီတစ်ခေါက် အကျပ်အတည်းကနေလည်း မြန်မာနိုင်ငံ အစိုးရအနေနဲ့ ငွေကြေးမူဝါဒ နဲ့ ပက်သက်ပြီး ဘယ်လိုပုံပြင်တစ်ပုဒ် အဖြစ် ဖန်တီးမလဲ။ လူတွေကကော အဲပုံပြင် ဘယ်လောက်အတိုင်းအတာအထိ ယုံကြည်ပြီး အကောင်အထည်ဖော်နိုင်ကြမလား ဆိုတာ စောင့်ကြည့်ရမှာပါ။
အဲလိုမျိုး အကောင်အထည်ဖော် ကျော်လွှားနိုင်တဲ့အချိန်အထိ SME လုပ်ငန်းအားလုံး အထိ ကြံကြံခံပြီး ရှင်သန် အောင်မြင်နိုင်ကြပါစေဟု
ဆုမွန်ကောင်း တောင်းလျက်
မင်းရဲထွဋ်
COO , TRA Investment
24-3-2020