23/04/2025
ကျွန်တော်တို့ရဲ့ တစ်လဝင်ငွေဟာ ကျွန်တော်တို့ရဲ့ Privacy ပါ။
“လစာ ဘယ်လောက်ရသလဲ” ဆိုတဲ့ မေးခွန်းဟာ လူနှစ်ယောက်တွေ့ဆုံချိန်မှာ နှုတ်ဆက်တဲ့စကားလို အချင်းချင်း Familiar ဖြစ်လာဖို့အတွက် မေးခွန်းကောင်းတစ်ခု မဟုတ်နေပါဘူး။ Informative ဖြစ်တဲ့ မေးခွန်းမျိူးလည်း မဟုတ်သလို၊ Greeting မေးခွန်း တစ်ခုလည်း မဟုတ်ပါဘူး။
တစ်လဝင်ငွေဆိုတာ ကျွန်တော်တို့ရဲ့ ဘဝ တစ်စိတ်တစ်ပိုင်း အရေးကြီးတဲ့အရာမို့လို့ ကိုယ့်လစာကို ပြောပြလိုက်တာဟာ ကိုယ့် ဘဝရဲ့ အစိတ်အပိုင်းတစ်ခုကို ဖွင့်လှစ်ပြလိုက်တာနဲ့ တူတူပဲ။
“အိမ်ထောင်ဘယ်တော့ ပြုမလဲ”၊ “ကလေးဘယ်တော့ ယူမလဲ” ဆိုတဲ့ မေးခွန်းတွေကိုတောင် ဝက်ဝက်ကွဲ မေးနေတတ်တဲ့ culture တစ်ခုမှာ… “လစာဘယ်လောက်ရလဲ” ဆိုတဲ့ မေးခွန်းလောက်ကတော့ ထမင်းစားရေသောက် မေးတာလောက်ပဲ ရှိတော့တယ်။
အဲ့မေးခွန်းကို မဖြေချင်လို့ တမင်တကာ စကားလမ်းကြောင်းလွှဲပြီး Skip ဖို့ “အင်း….လစာ လား…အယ်…မဆိုးပါဘူး…အွန်း… ပုံမှန်ပါပဲ” ဆိုတာလောက် ပြောမိရင်တောင် ကိုယ်ကပဲ ကိုယ့်လစာကို သိုသိပ်ထားလို့ ကြီးကျယ်သွားသလိုလို၊ အလုပ်ရလို့ အချိူးတွေပဲ ပြောင်းသွားသလိုလို ပုံစံမျိူး လုပ် ပြောချင် ပြောလိမ့်ဦးမယ်။
Privacy Question တွေကို နားလည်ပေးဖို့ကတော့ လိုတယ်။
“မင်းက သူငယ်ချင်းအချင်းချင်းတောင် မပြောချင်တာလား …”
“မင်းရဲ့ အမျိူးအရင်းကြီးဖြစ်တဲ့ ငါတောင် မသိရဘူးလား…”
“ငါတို့က မောင်နှမအရင်းလို မဟုတ်လား… “
ဆိုတဲ့ relation တွေအောက်မှာ ကျွန်တော်တို့ရဲ့ income privacy က တော်တော်လေး မီးကျိူးမောင်းပျက် ဖြစ်နေတယ်။ မေးချင်တိုင်းမေးလာတဲ့ Question တွေကို မဖြေချင်လည်း ဖြေပေးဖို့ တာဝန်ရှိသလိုဖြစ်နေတယ်။
ဒါဟာ Serious လုပ်နေတာမဟုတ်ဘဲ…အချင်းချင်းကြားထဲမှာ ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ Result တွေကို Minimize လုပ် လျှော့ချဖို့ပါပဲ။
မလိုအပ်ဘဲနဲ့ ကျွန်တော်တို့ရဲ့ လစာကို မေးလာပြီ ဆိုကတည်းက မေးတဲ့ သူက ကျွန်တော်တို့ကို Judge လုပ်ဖို့ အသင့်ဖြစ်နေပြီ ဆိုတဲ့ သဘောပဲ။ အဲ့ဒီ မေးခွန်းကို ဖြေလိုက်ပြီဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ တစ်ဖက်လူကို Feeling တစ်ခုကိုပါ attach လုပ်ပေးလိုက်တယ်။
ဥပမာ ပြောရရင်…
“မင်း ဒီနေ့ ဘာဟင်းနဲ့ စားလဲ?” ဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ ဖြေဖို့ သိပ်ကို လွယ်ကူရိုးရှင်းတယ်…. ကြက်သားဟင်းနဲ့ စားတယ်ပဲ ပြောပြော၊ ပုဇွန်ဟင်းနဲ့စားတယ်ပဲ ပြောပြော၊… မေးတဲ့ ပုဂ္ဂိုလ်ဟာ ကျွန်တော် ဘာဟင်းနဲ့ စားသလဲဆိုတာကို မေးပြီး ခဏကြာရင် မေ့သွားမှာပဲ။
“မင်း တစ်လ ဘယ်လောက် ရလဲ” ဆိုတာက ကျွန်တော်တို့ရဲ့ ဘဝနဲ့ တိုက်ရိုက်ပတ်သတ်တဲ့ မေးခွန်းမျိူး ဖြစ်နေတဲ့အတွက် တစ်ဖက်လူကို Unforgettable ဖြစ်သွားစေတယ်။
ကျွန်တော်တို့ ပြောလိုက်တဲ့ လစာ ပမာဏပေါ်မူတည်ပြီးတော့ တစ်ဖက်လူရဲ့ စိတ်ထဲမှာ ဖြစ်သွားမယ့် Feeling၊ ပြန်လာတဲ့ Feedback၊ ပေါ်လာတဲ့ Experssion၊ ကျွန်တော်တို့ကို ပေးမယ့် Respect … အကုန်လုံး ကွာခြားသွားနိုင်တယ်။
“မင်း တစ်လကို ဆယ်သိန်းရှာနေလား….ဒါဆိုရင် မင်းက ဆယ်သိန်းတန်တဲ့ ကောင်”
“လစာ သိန်းငါးဆယ်လောက် ရှိနေပြီလား….ဒါဆို မင်းက သိန်းငါးဆယ်တန်တဲ့ကောင်”
အဲ့လိုဖြစ်နေတာရဲ့ အဓိက ပြဿနာကတော့ လူတစ်ယောက်ရဲ့ Value ကို သူရှာနိုင်တဲ့ Income နဲ့ တိုက်ရိုက် အချိူးချ သတ်မှတ်ပစ်လိုက်ကြလို့ပါပဲ။
Business Etiquette ကို နားလည်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာဆိုရင် ဝန်ထမ်းတွေရဲ့ လစာကို Confidential အနေနဲ့ သတ်မှတ်ထားတယ်။ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းအချင်းချင်းကြားမှာ လစာသွားမေးလို့ ဟိုက မကျေနပ်လို့ HR ကို သွားတိုင်ရင် မေးတဲ့သူဟာ On the spot အလုပ်ဖြုတ်ခံရတဲ့ အခြေအနေတွေပါ ဖြစ်နိုင်ပါတယ်။
ကုမ္ပဏီတွေမှာ ချမှတ်ထားလေ့ရှိတဲ့ အဲ့ဒီ rule က လူတိုင်းမှာ Original ပါနေတတ်တဲ့ အငုံ့စိတ်ကလေးတွေ ထကြွမလာအောင် Control လုပ်လိုက်တာပါပဲ။
တစ်လကို ဆယ်သိန်းလောက် ရနေတဲ့ သူတစ်ယောက်က သူ့ဘဝနဲ့သူ ပျော်လို့ရနိုင်ပေမယ့်… သူနဲ့ တူတူအလုပ်လုပ်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လစာက ဆယ့်ငါးသိန်းလောက် ဖြစ်နေတယ်ဆိုတာကို သိရရင်တော့ ခုနက အပျော်တွေဟာ လုံးဝဥဿုံ ပျောက်သွားနိုင်စရာရှိတယ်။
“ဟမ်းးးးး…ငါ့ကျ ဒီလောက်ပဲ ပေးတယ်…သူက အဲ့လောက်တောင်ရတယ်….လုပ်ရတာခြင်းကျ တူတယ်??”
အငုံ့စိတ်က အဲ့မှာ စပြီး Initiate ဖြစ်တာပဲ။ ဘာရယ် မဟုတ်ဘူး…အများနဲ့ ကြားမှာ ကိုယ်တစ်ယောက်တည်း ဖြစ်လာတဲ့အခါ… ဒါမှမဟုတ် ရွယ်တူ၊ ငယ်သူတွေလောက် ကိုယ်က နေရာမရောက်တဲ့အခါမှာ ကိုယ့်ကိုယ်ကို သိမ်ငယ်တာ၊ ဒီပရက်ရှင် ဝင်တာ.... လုပ်သလောက် ခရီးမတွင်ဘူးကွာ…လို့ တွေးမိတာတွေက ဖြစ်တတ်တာပဲ။
ဝန်ထမ်းတစ်ယောက်အနေနဲ့ ပြောကြကြေးဆိုရင်….လစာက နည်းခြင်း များခြင်းဆိုတာ ဝန်ထမ်းတစ်ယောက်ရဲ့ Capacity နဲ့ သတ်မှတ်သလို၊ အဲ့ဝန်ထမ်းရဲ့ အတွေ့အကြုံ၊ Professional ဆန်ခြင်းဆိုတဲ့ Module တွေနဲ့လည်း သတ်မှတ်လို့ရတယ်။ လုပ်ပေးနေရတဲ့ အလုပ်အပြင်၊ တာဝန်ယူမှု၊ စိတ်နေစိတ်ထား၊ ယုံကြည်စိတ်ချရမှု အပေါ်မှာ လည်း Fluctuate ဖြစ်နေနိုင်တယ်။ အဲ့ဒါကြောင့် လုပ်ဖော်ကိုင်ဘက်တွေကြားမှာ (အချင်းချင်း ဘယ်လောက် Close ဖြစ်နေပါစေ) လစာက Secret တစ်ခု အနေနဲ့ပဲ ရှိထားတာက ပိုပြီး ပျော်စရာကောင်းနေလိမ့်မယ်။
ကျွန်တော့်အနေနဲ့ဆိုရင်တော့ လစာ မေးတာ ခဏခဏခံရဖူးတယ်။ ကျွန်တော် သဘောအကျဆုံးအဖြေကတော့ “မဆိုးပါဘူး…ကျွန်တော့်အသက်အရွယ်နဲ့ဆို သုံးလို့စွဲလို့ ရရုံ ပုံမှန်လောက်ပဲ…” ဘာညာပေ့ါ။
အဲ့အဖြေက ကျွန်တော့် လစာနည်းသလား များသလားကို တစ်ဖက်လူက ခန့်မှန်းဖို့ အလွန်ခက်ခဲသွားပြီ။ ကျွန်တော့် expense က များရင် ကျွန်တော်ဟာ လစာများတယ်…ကျွန်တော့် expense နည်းရင် ကျွန်တော့်လစာ နည်းတယ် ဆိုတဲ့သဘောပဲ။ ဒီတော့ Amount ကိုတိတိကျကျမပြောဘဲ သိုသိပ်တတ်ဖို့၊ ကျွန်တော်တို့လစာကို မပြောချင်လို့ တမင် သွယ်ဝိုက်လိုက်တာဖြစ်ကြောင်းလည်း တစ်ဖက်လူက (ဉာဏ်ရှိတဲ့သူ သာဆိုရင်) နားလည်သွားပါလိမ့်မယ်။
လူတစ်ယောက်ချင်းစီရဲ့ တစ်လဝင်ငွေဟာ Privacy ဖြစ်တယ်ဆိုတာ… Confidential ဖြစ်တယ်ဆိုတာ… Personal ဖြစ်တယ်ဆိုတာ… လူတကာကို လျှောက်ပြောစရာ၊ လျှောက်မေးစရာကိစ္စတစ်ခုမဟုတ်ဘူး ဆိုတာကို ကျွန်တော်တို့တွေ သတိထားဖို့လိုပါတယ်။