27/09/2021
ကလေးထိန်းရလို့ စိတ်ညစ်တဲ့အခါ ဖတ်ကြည့်ပေးပါ မေမေ
🤱🤱🤱🤱🤱🤱🤱🤱🤱🤱🤱🤱🤱🤱🤱🤱
(၃)နှစ်... သူ မူကြိုစတက်တဲ့နေ့ သန်သန်စွမ်းစွမ်း သူ့ေ
နာက်ကျောလေးကို ကြည့်ရင်း ပျော်ရွှင်ဝမ်းနည်းတဲ့ ခံစားချက်က သင့်ရင်ထဲတိုးဝင်လာတယ်။ တစ်နေကုန်ခွဲပြီး ညနေကျောင်းဆင်းချိန် အိမ်ကို သူအပြေးပြန်လာတယ်။ ရင်ခွင်ထဲ တိုးဝင်ပြီး "မေမေ... မေမေကိုလွမ်းလိုက်တာ" လို့ သူချွဲချွဲနွဲ့နွဲ့ဆိုတယ်။ အဲဒီတခဏ သူ့ကို ဖက်ထားတာဟာ ကမ္ဘာကြီးတစ်ခုလုံးကို ဖက်ထားရတယ်လို့ သင်ပျော်ရွှင်ခံစားမိတယ်။
(၅)နှစ်... သူ မူလတန်းတက်တဲ့နေ့ ..ကျောင်းဝင်းထဲ သူခြေလှမ်းစချတဲ့နေ့... ဒါဟာ အမှတ်တရတွေထဲက တန်ဖိုးရှိတဲ့ အမှတ်တရတစ်ခုဖြစ်တယ်။ ဒါဟာ သူ့ဘဝစာမျက်နှာ အသစ်တစ်ရွက်ကို စလှန်တာဖြစ်တယ်။ ဒါဟာလည်း သင့်ကို သူခွဲသွားမယ့် ပထမဆုံးခြေလှမ်းဖြစ်တယ်။ သင်နဲ့ တစ်နေ့ပြီးတစ်နေ့ ခွဲရတာကို သူကျင့်သားရသွားတယ်။ နေ့တိုင်း ကျောင်းသွားတက်ရတာကို သူပျော်တယ်။ ဒါဟာ သူပိုနှစ်သက်တဲ့ နေ့စဉ်ဘဝဖြစ်တယ်။ တစ်ခါတလေ "မေမေ... အိမ်မှာနေရတာ အရမ်းပျင်းတာပဲ။ ကစားဖို့ သူငယ်ချင်းလဲမရှိဘူး" လို့ သူဆိုတယ်။
(၁ဝ)နှစ်.... သူ အလယ်တန်းရောက်ပြီ။ တချို့က အဆောင်စနေပြီ။ တစ်လ ဒါမှမဟုတ် လအတန်ကြာမှ အိမ်ကို သူတစ်ခေါက်ပြန်တယ်၊ လအတော်ကြာမှ သူနဲ့ သင်တစ်ခါဆုံရတယ်။ သင့်ကို သူ စ အားမကိုးတော့ဘူး။ သင့်အလုပ်ကို သူကူတယ်။ သူ့အတွက် သင်တစ်ခုခုလုပ်ပေးချင်တာတောင် သူက "မေမေ... သား ဘာသာလုပ်မယ်၊ သား ဘာသာလုပ်တတ်တယ်"လို့ဆိုတယ်။ ဒီလိုစကားကိုကြားတော့ "ငါတို့ကို သားမလိုတော့ဘူးထင်တယ်?" လို့ သင်စိတ်ထဲ အမျိုးအမည်မသိ ခံစားမှုမျိုးခံစားမိတယ်။
(၁၇)နှစ်.... သင့်ကိုခွဲပြီး သူတက္ကသိုလ်သွားတက်ပြီ။ တစ်နှစ်မှာ နှစ်ခါလောက်ပဲ အိမ်ပြန်လာတယ်။ သူပြန်လာခါနီး သူကြိုက်တာတွေ ကြိုတင်ဝယ်ခြမ်းထားလို့ အိမ်ကရေခဲသေတ္တာထဲမှာတောင် စားစရာတွေနဲ့ ပြည့်ကျပ်နေပြီ။ ဒါပေမယ့် အိမ်ပြန်ရောက်တာနဲ့ မိသားစုမောင်နှမတွေကို မျက်နှာပြ၊ အမြန်နှုတ်ဆက်ပြီး သူငယ်ချင်းတွေနဲ့ဆုံဖို့ သူထွက်သွားခဲ့တယ်။ အဲဒီနောက်မှာတော့ "မေမေ... သား အိမ်ပြန်ထမင်းမစားတော့ဘူး။ မေမေတို့ စားနှင့်လိုက်ပါ" ဆိုတဲ့စကားကို သင်မကြားရဲဆုံး စကားဖြစ်သွားခဲ့တယ်။
သူကျောင်းပြီးသွားခဲ့ပြီ။ အလုပ်လုပ်ဖို့ ဝေးတစ်နေရာကို သူရောက်သွားပြန်တယ်။ တစ်နှစ်နေလို့ အိမ်တစ်ခေါက်ပြန်ဖို့ ပိုခက်သွားခဲ့ပြီ။ အခွင့်ရလို့ ပြန်လာတော့လည်း တစ်ပတ်၊ ဆယ်ရက်နေပြီး သူပြန်သွားပြန်တယ်။ ဒီလိုအချိန်မှာ သင်မျှော်လင့်မိတာက သူတို့ဆီက ဖုန်းဖြစ်တယ်။ "မေမေ... သား နေကောင်းပါတယ်။ မေမေလည်း ကျန်းမာရေးကို ဂရုစိုက်ပါနော်"ဆိုတဲ့ စကားတစ်ခွန်းကို သင်မျှော်လင့်မိတယ်။ ဒီလောက်လေးပဲ သင်မျှော်လင့်ခဲ့ပါတယ်။
ကျောင်းပြီး အရွယ်ရောက်၊ အလုပ်အကိုင်ရှိတော့ သူကြင်ယာလိုလာတယ်။ အဲဒီလိုနဲ့ မင်္ဂလာဆောင်ပြီး သင့်ဆီကိုပြန်လာမယ့် သူ့အချိန်တစ်ဝက်ကို သူ့ယောက္ခတွေအတွက် သူခွဲပေးလိုက်တယ်။ သူ အိမ်ပြန်ချိန် ပိုနည်းလာခဲ့တယ်။ အိမ်မှာ အသက်အရွယ်ကြီးသူ နှစ်ယောက်ပဲနေရတာကို သင်ကျင့်သားရသွားခဲ့တယ်။ ဒါပေမဲ့ "မေမေ... ဒီနှစ်သစ်ကျရင် သားတို့အိမ်ပြန်ခဲ့မယ်နော်" ဆိုတဲ့ စကားတစ်ခွန်းကိုတော့ သူ့ဆီကနေ သင်မျှော်လင့်မိခဲ့တယ်။
မြေးရလာတော့ သင်ဟာ သူတို့မိသားစု အရေအတွက်ထဲမှာ မပါခဲ့တော့ဘူး။ သူတို့ မိသားစု၃ယောက် ဒါမှမဟုတ် သူတို့မိသားစုဘယ်နှယောက်လို့ ဆိုတဲ့အထဲမှာ သင်တို့ကို ရေတွက်မထားတော့ဘူး။ ဒီလိုနေ့ရက်မျိုးကို သင်တဖြေးဖြေး ကျင့်သားရသွားပါတယ်။ အလုပ်အကိုင်မရှိတဲ့အချိန် ဓာတ်ပုံစာအုပ်ကိုထုတ်ပြီး မိသားစုဓာတ်ပုံကို လှန်လျောကြည့်ရတာက သင့်အကျင့်ဖြစ်သွားပါတယ်။ သားသမီးတွေ ဘယ်ရောက်နေနေ၊ ဘယ်လောက်ဝေးနေနေ သူတို့ဟာ သင်ရဲ့မိသားစုထဲကတစ်ဦး အမြဲဖြစ်နေပါတယ်။
ဟုတ်ပါတယ်... သားသမီးတွေ ကိုယ့်ဘေးနားရှိတဲ့အချိန်ဟာ ကျွန်မတို့အတွက် အပျော်ဆုံးအချိန်ဖြစ်တယ်။ ဒါပေမဲ့ သားသမီးတွေနဲ့ ပတ်သက်ပြီး တစ်ခါတလေ ကျွန်မတို့ငြီးတွားတတ်ကြတယ်။
သားသမီးတွေအတွက် ကျွန်မတို့ စွန့်လွတ်ပေးဆပ်ရတာ သိပ်များကြောင်း ငြီးတွားတယ်။
ညည သူတို့ငိုလို့ ကောင်းကောင်းမအိပ်ရကြောင်း ငြီးတွားတယ်။
ပြောစကားကို သူတို့နားမထောင် ဆိုးလွန်းတယ်လို့ ငြီးတွားတယ်။
မြန်မြန်မကြီးတတ်တဲ့ ကလေးဆိုးကြီးလို့ ငြီးတွားတယ်။
စိတ်ပူအောင်၊ စိုးရိမ်စိတ်များအောင် သူတို့ဖျားနာလို့ ငြီးတွားတယ်။
သူ့တို့ကို ပြုစုပျိုးထောင်ရလို့ အချိန်၊ ငွေကြေးကုန်ကြောင်း ငြီးတွားတယ်။
အဲဒီလို ငြီးတွားပြီး ၁ဝနှစ်ကျော်၊ အနှစ်၂ဝကျော်တော့ သူတို့ကို အနားမှာရှိစေချင်၊ ငြီးတွားချင်တာတောင် အခွင့်အရေး မရတော့ဘူး။ သားသမီးတွေက တဖြည်းဖြည်း ကြီးပြင်းကြတယ်။ သူတို့က အချိန်အခါတစ်ခုကို ကျော်လွန်ပြီးရင် အဲဒီအချိန်အခါက ရှိခဲ့ဖူးတဲ့အကျင့်တွေကို မေ့ကုန်ကြတယ်။
သူတို့ကို နို့ဖြတ်ပြီးတဲ့နောက် နို့မဖြတ်ခင်ကနေ့ရက်တွေကို ကျွန်မတို့ မကြာခဏ သတိရတတ်ကြတယ်။ ဒါပေမဲ့ အဲဒီတုန်းက ပင်ပန်းတယ်၊ မောတယ်လို့ ကျွန်မတို့ ထင်ခဲ့တယ်။
ငယ်ငယ်တုန်းက လက်ညှိုးလေးစုပ်ကစားနေတဲ့ သူတို့ဓာတ်ပုံကိုကြည့်ပြီး အရမ်းချစ်စရာကောင်းတယ်လို့ ကျွန်မတို့ထင်တယ်။ ဒါပေမဲ့ အဲဒီတုန်းက သူ့လက်တွေကို မကြာခဏဆေးပေးရင်း ကျွန်မတို့ စိတ်ရှုပ်ခဲ့တယ်။
လူပျိုပေါက်မှာ သူ့အသံစပြောင်းတော့ အရင်က သူ့ရဲ့ငယ်သံလေးကို ကျွန်မတို့ပြန်တမ်းတကြတယ်။ ဒါပေမဲ့ အရင်က သူ့ရဲ့ချွဲနွဲ့သံတွေကို ကျွန်မတို့မခံနိုင်ခဲ့ဘူး။
ကျွန်မတို့ကိုခွဲပြီး သူတို့ကျောင်းသွားတက်တော့ အရင်က ကျွန်မတို့နား သူတို့တပူးပူးကပ်ခဲ့တာကို ကျွန်မတို့ပြန်လွမ်းမိတယ်။ ဒါပေမဲ့ အရင်က ဘယ်အချိန်ရောက်မှ သူတို့ကျောင်းနေရမလဲလို့ ကျွန်မတို့တွေးခဲ့တယ်။
အချိန်တွေ နောက်ပြန်လှည့်လို့ မရတော့ဘူး။ ကုန်လွန်သွားတဲ့အချိန်က ကုန်လွန်သွားခဲ့ပြီ။ ကျွန်မတို့အနားမှာ သားသမီးတွေရှိတဲ့အချိန်က တန်ဖိုးရှိလွန်းသလို အနားမှာရှိနိုင်ဖို့ကလည်း ခက်တယ်။ ဒီအတွက်ကြောင့် သားသမီးတွေနဲ့ အတူနေရချိန်ကို ကျွန်မ ပိုတန်ဖိုးထားတယ်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် သားသမီးတွေ ကျွန်မတို့အနားရှိနေချိန်ကို ကျွန်မကျေးဇူးတင်တယ်။ ဒီလို သားသမီးတွေ ပိုင်ဆိုင်ရလို့လည်း ဘုရားသခင်ကို ကျေးဇူးတင်တယ်။ တဖြေးဖြေး လူလားမြောက်ကြီးပြင်းလာတဲ့ သားသမီးတွေကို အဖော်ပြုရတဲ့အတွက် ကျေးဇူးတင်တယ်။ ဘယ်လောက်ပဲ ခက်ခဲ၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခရောက်ပါစေ။ အိပ်ရေးမဝနေပါစေ။ အချိန်ကုန်၊ ငွေကြေးကုန် ပင်ပန်းပါစေ သူတို့အတွက် ကျွန်မ စွန့်လွှတ်ပေးဆပ်ရဲခဲ့တယ်။ သူတို့ဟာ ကျွန်မတို့အတွက် ဘုရားသခင်ပေးတဲ့ ဆုလာဘ်ဖြစ်လို့ဖြစ်တယ်။
ကျွန်မတို့ဘေးမှာ သူတို့ရှိနေတဲ့အချိန်အတောအတွင်း သူတို့ကို ပျော်ရွှင်စေချင်တယ်။ ဒါဟာ ကျွန်မတို့အတွက် လှပတဲ့ အမှတ်တရလည်းဖြစ်တယ်။ သူတို့ကို ကျွန်မတို့ စိတ်ဖိအားမပေးဘူး။ နောက်ဆံမတင်းစေဘူး။ မဟန့်တား မပိတ်ပင်ဘူး။ ဒါပေမဲ့ သူတို့ကို ကျွန်မတို့ သွန်သင်မယ်၊ လမ်းညွှန်မယ်၊ အားအင်တွေပေးမယ်။ ဒါဟာ ကျွန်မတို့ရဲ့ မိဘဝတ္တရားဖြစ်တယ်။ သူတို့ကို လွတ်လွတ်လပ်လပ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ပျံသန်းစေချင်တယ်။ ပြီးတော့ တဆက်တည်းမှာပဲ သူတို့ကို ကျွန်မမှာချင်တယ်။ ရှေ့ဆက်ရမယ့်လမ်းတွေ ခက်ခဲကြမ်းတမ်းတဲ့အခါ လမ်းတစ်လမ်းကိုတော့ အမြဲသတိရပေးပါ။ အဲဒီလမ်းက သူတို့အတွက် အဆင်ပြေ၊ ချောမွတ်တဲ့လမ်းဖြစ်တယ်။ အဲဒါကတော့ အိမ်အပြန်လမ်းပဲ ဖြစ်ပါတယ်။
Credit to နိုင်းနိုင်းစနေ (Wednesday, May 04, 2011)