22/01/2024
❝ လမ်းပျောက်နေပြီလား မိတ်ဆွေ ❞
ကိုယ့်ရဲ့အသက်ရှင်သန်နေရခြင်းရည်ရွယ်ချက်တွေ
ဘာမှန်းမသိတော့တဲ့အခါ
ဖြစ်ချင်လှပါချည်ရဲ့ဆိုတဲ့ အိမ်မက်တွေ
ဝေဝါးလာတဲ့အခါ ကိုယ့်ကိုယ်ကိုတန်ဖိုးမရှိတော့သလို
ခံစားလာရတတ်ပါတယ်။
ဒါဟာ ဘဝမှာ လမ်းပျောက်ခြင်းရဲ့အစပါပဲ။
လမ်းပျောက်ကာစမှာ မသိသာလှပေမယ့်
သတိဝင်လာတဲ့အခါမှာတော့ ကမ်းပါးတစ်ခုရဲ့
အစွန်းကို ရောက်နေသလို ကြောက်ရွံ့ခြင်း
၊ထိတ်လန့်ခြင်း၊အထီးကျန်ခြင်း၊ဘဝကို အရှုံးပေးလိုခြင်း
စတဲ့ခံစားချက်တွေ ရောပြွန်းဖိစီးနေပါတော့တယ်။
အမြင့်ကိုရောက်နေတဲ့သူတွေကိုကြည့်ပြီး
အားငယ်နေမိတယ်။ပန်းတိုင်ကို ရှေးရှုလှော်ခတ်နေတဲ့
သူတွေကို ငေးပြီး သိမ်ငယ်နေမိတယ်။
လူတိုင်းလူတိုင်း ရည်ရွယ်ချက်ကိုယ်စီနဲ့
တက်ကြွလှုပ်ရှားနေတဲ့အခိုက်မှာ ကိုယ့်ရဲ့
ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကို အဖြေရှာရင်း
ပျောက်ဆုံးရင်း အဓိပ္ပာယ်မဲ့နေမိတော့တယ်။
ဒီအခြေအနေမျိုးကို
သင်တစ်ယောက်တည်း ကြုံဖူးတယ်လို့
ထင်နေရင်တော့ တော်တော်မှားယွင်းပါလိမ့်မယ်။
ဒီလို လမ်းပျောက်ခြင်းမျိုးဟာ ထိပ်တန်းအဆင့်
အောင်မြင်တဲ့သူတွေလည်း ကြုံဖူးတယ်။
သာမန်အဆင့်အောင်မြင်တဲ့သူတွေလည်းကြုံဖူးတယ်။
မအောင်မြင်တဲ့သူတွေလည်းကြုံဖူးတယ်။
အရှုံးသမားတွေလည်း ကြုံဖူးတယ်။
သူတို့တွေကြား ကွာသွားတာက
တစ်ချို့က လမ်းပျောက်တယ်လို့ ခံစားရရင်
ရည်မှန်းချက်ပန်းတိုင်ကို မတွေ့တွေ့အောင်
ပြန်ရှာကြတယ်။လမ်းကြောင်းမှန်ပေါ်ရောက်အောင်
ပြန်အားထုတ်ကြတယ်။တစ်ချို့ကတော့
လမ်းပျောက်ရက်သားနဲ့ ကြုံသလို ဆက်လှမ်းကြတယ်။
တစ်ချို့ကတော့ လမ်းပျောက်လို့ ပျောက်နေမှန်းတောင်
မသိဘဲ တစ်ချိန်ကျကမ်းပါးအစွန်းကနေ
ပြုတ်ကျသွားတတ်ကြတယ်။
ပျောက်ဆုံးနေတဲ့လမ်းကို လျှောက်လှမ်းရင်း
ကြာလာတဲ့အခါ ပင်ပန်းလာပါမယ်။
နောက်တော့ နွမ်းနယ်မှုတွေနဲ့အတူ ကိုယ့်ကိုယ်ကို
အရှုံးသမားတစ်ယောက်အဖြစ်ခံယူလိုက်ပါလိမ့်မယ်။
တကယ်လို့ သင်လည်းပဲလမ်းပျောက်နေပြီလို့
ခံစားရရင် သင့်ဘဝလမ်းကြောင်းကိုအချိန်မှီ
ပြန်ရှာဖို့လိုပါမယ်။
(၁) အနားယူလိုက်
လမ်းပျောက်ခြင်းကြောင့်ဖြစ်လာတတ်တဲ့
စိတ်ဖိစီးမှုတွေ၊ အားငယ်မှုတွေ၊ အကြောက်တရားတွေ
အားလုံးကိုမေ့လိုက်ပါ။သင့်စိတ်ကို လွတ်လပ်ပေါ့ပါးစွာ
အနားပေးဖို့လိုပါမယ်။စိတ်ဒဏ်ရာတွေပေးမယ့်
အတွေးတွေအစား သင့်စိတ်ကို ပျော်ရွှင်စေမယ့်
အရာတွေနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုကို တည်ဆောက်လိုက်ပါ။
(၂) စိတ်ဓါတ်ခွန်အားတွေတည်ဆောက်
စိတ်တွေလန်းဆန်းပေါ့ပါးသွားပြီလို့ခံစားရရင်
ကိုယ့်ရဲ့စိတ်ခွန်အားတွေသန်မာလာအောင်
တည်ဆောက်ရပါမယ်။စိတ်ခွန်အားဖြည့်
စာအုပ်တွေဖတ်တာ၊ဟောပြောပွဲတွေ နားထောင်တာ၊
ရည်ရွယ်ချက်ကြီးတဲ့သူတွေနဲ့ ပေါင်းသင်း
ဆက်ဆံတာတွေကနေ စိတ်ခွန်အားတွေ ရနိုင်ပါတယ်။
(တက်ကျမ်းစာအုပ်တွေဟာ ခဏတာစိတ်ဓါတ်မြှင့်တင်ရာမှာ အသုံးဝင်ဆဲဖြစ်လို့ ဒီလိုအခြေအနေတွေမှာတော့
စာအုပ်တွေကနေတစ်ဆင့် စိတ်ဓါတ်ခွန်အားတွေ
မြှင့်တင်နိုင်ပါတယ်။)
(၃) ထက်သန်စိတ်ကို ပြန်ရှာ
လမ်းပျောက်နေတဲ့ ကာလတစ်လျှောက်လုံး
ပျောက်ဆုံးနေတဲ့ ထက်သန်စိတ်ကို ပြန်ရှာရပါမယ်။
ထက်သန်စိတ်ဆိုတာကတော့ အလွယ်ပြောရရင်
လုပ်ချင်၊ကိုင်ချင်စိတ်ပါပဲ။
ကြိုးစားလုပ်ကိုင်လိုတဲ့စိတ်၊ အားထုတ်လိုတဲ့စိတ်၊
အောင်မြင်ချင်တဲ့စိတ်ကို ဒီအချိန်မှာ ပြန်ရှာရင်
ပြန်တွေ့နိုင်ပါလိမ့်မယ်။
(၄) အိမ်မက်တွေကို တည်ဆောက်
လမ်းပျောက်နေချိန်မှာ ဘာလုပ်ရမှန်းမသိပေမယ့်
ဒီအဆင့်ထိရောက်လာပြီဆိုရင်တော့
ကိုယ်ဘာဖြစ်ချင်တာလဲဆိုတဲ့မေးခွန်းနဲ့အတူ
ကိုယ့်အလုပ်ရမယ့်
အရာကို သိအောင်လုပ်ရပါတော့မယ်။
ကိုယ့်ရဲ့အိမ်မက်ခရီးလမ်းကို စနစ်တကျတည်ဆောက်ရပါမယ်။အဲဒီလမ်းကြောင်းအတိုင်းလည်းအောင်မြင်မှုလမ်းမပေါ်ကို
နင်းရင်း ပန်းတိုင်ကိုရောက်အောင်သွားမယ်လို့
ခံယူချက်ပြင်းပြင်းရှိဖို့လည်းလိုပါမယ်။
(၅) ပြိုလဲတိုင်း ပြန်ထ
ဘယ်အရာမှတော့
အလွယ်တကူဖြစ်လာမှာမဟုတ်ပါဘူး။
တကယ်တမ်း အောင်မြင်ဖို့ ကြိုးစားတဲ့အခါမှာ
လမ်းပျောက်တတ်ရုံမကဘဲ ခလုတ်လည်း
တိုက်တတ်တယ်ဆိုတာ သိလာပါမယ်။
ဘယ်လိုပဲ လဲပြိုကျဦးတော့ ပြန်ထဖို့ လိုပါမယ်။
ဘယ်နှကြိမ်လဲကျတယ်ဆိုတာ အရေးမကြီးပါဘူး။
ဘယ်နှကြိမ်ပြန်ထခဲ့သလဲဆိုတာပဲအရေးကြီးပါတယ်။
#