26/12/2025
Dual MBA/Dual Ph.D. တက်မည်ဆိုလျှင် သတိထားရမည့် စစ်မှန်တဲ့ ပညာရေးအင်္ဂါရပ်များ
ယနေ့ခေတ် မြန်မာ့ပညာရေးလောကတွင် နိုင်ငံတကာဘွဲ့များ ရယူလိုမှု မြင့်မားလာသည်နှင့်အမျှ "Dual Degree" (ပူးတွဲဘွဲ့) ဟူသော ခေါင်းစဉ်တပ်ထားသည့် သင်တန်းများ မှိုလိုပေါက်လာပါတယ်။ ဘွဲ့နှစ်ခု ကို တစ်ပြိုင်နက်ရမည်၊ အချိန်တိုမည်၊ ကုန်ကျစရိတ်သက်သာမည်ဆိုတဲ့ မက်လုံးတွေဟာ ဆွဲဆောင်မှု ရှိလှပါတယ်။ သို့သော်ဒီနေရာမှာ မေးစရာရှိလာသည်ကတော့ "ကိုယ်တက်ရောက်မည့် ကျောင်းဟာ ပညာရေးအနှစ်သာရရှိသော တက္ကသိုလ်အစစ်လား (သို့မဟုတ်) ဘွဲ့လက်မှတ်ရောင်းစားတဲ့ Degree Mill လား" ဆိုတာဘဲ ဖြစ်တယ်။
တကယ်လို့ ကိုယ့်အနေနဲ့ အမှန်တကယ် ပညာလိုလားသူဖြစ်ခဲ့ရင် အောက်ပါအချက်တွေကို မဖြစ်မနေ စိစစ်လေ့လာရန် လိုအပ်ပါတယ်။
၁။ Accreditation (အသိအမှတ်ပြုမှု)
စစ်မှန်တဲ့ Dual Degree တစ်ခု၏ အရေးအကြီးဆုံး အင်္ဂါရပ်မှာ Accreditation ဖြစ်ပါတယ်။
Institutional Accreditation မှာ Dual Degree ပေးတဲ့ တက္ကသိုလ်နှစ်ခုလုံးဟာ မိမိတို့နိုင်ငံရဲ့ အစိုးရ သို့မဟုတ် တရားဝင် အသိအမှတ်ပြုအဖွဲ့အစည်း၏ ထောက်ခံချက် ရရှိထားရပါမယ်။
ဥပမာ - အမေရိကန်တက္ကသိုလ်ဆိုလျှင် Regional Accreditation (HLC, WASC, NECHE etc.) ရှိမရှိ စစ်ဆေးရပါမယ်၊ ပြည်နယ်လိုင်စင်ရုံဖြင့် မလုံလောက်ပါ။
ဗြိတိန်ဆိုလျှင် Royal Charter သို့မဟုတ် အစိုးရ၏ Listed Bodies တွင် ပါဝင်ရပါမည်။
Programmatic Accreditation အရ အထူးသဖြင့် MBA ကဲ့သို့သော ဘွဲ့တွေမှာ Triple Crown လို့ခေါ်တဲ့ (AACSB, AMBA, EQUIS) သို့မဟုတ် ACBSP ကဲ့သို့သော အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုမှု ရှိလျှင် ပိုပြီးခိုင်မာပါတယ်။
သတိပြုရမှာကတော့ Degree Mill တွေဟာ ကြားဖူးနားဝမရှိတဲ့ ကိုယ်ပိုင် Accreditation အဖွဲ့တွေဖွဲ့ပြီး ကိုယ့်ဘာသာ အသိအမှတ်ပြုလေ့ရှိကြပါတယ်။
၂။ Partner University (မိတ်ဖက်တက္ကသိုလ်) ၏ ခိုင်မာမှု
Dual Degree ဆိုတာဟာ တက္ကသိုလ် (၂) ခု ပေါင်းစပ်ခြင်းဖြစ်ရာ နှစ်ခုလုံးသည် "အစစ်" ဖြစ်နေ ရပါမယ်။
တချို့ကျောင်းတွေအနေနဲ့ တက္ကသိုလ်အမည်ခံထားသော်လည်း Campus မရှိ၊ ပါမောက္ခ အစစ်အမှန် မရှိဘဲ ရုံးခန်းလိပ်စာတစ်ခုသာ ရှိတတ်ပါတယ်၊ ဆွစ်ဇာလန် (Switzerland) ကဲ့သို့သော နိုင်ငံများမှ Private School အမည်ခံ ကျောင်းအချို့ဟာလည်း နာမည်ကြီးသော်လည်း သက်ဆိုင်ရာနိုင်ငံရဲ့ University Rank တွင် လုံးဝ မပါဝင်နေတာကို တွေ့ရတတ်ပါတယ်။
စစ်ဆေးဖို့ဆိုရင်တော့ တက္ကသိုလ်နှစ်ခုလုံးကို WHED (World Higher Education Database) သို့မဟုတ် သက်ဆိုင်ရာနိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ရှာဖွေကြည့်ရပါမယ်။
၃။ Entry Requirement နှင့် Rigor (ဝင်ခွင့်နှင့် သင်ကြားမှု စံချိန်စံညွှန်း)
တက္ကသိုလ်အတု (Degree Mill) တွေရဲ့ အဓိက လက္ခဏာမှာ "ပိုက်ဆံပေးလျှင် ဘယ်သူမဆို တက်လို့ရတယ်" ဆိုတဲ့ အချက်ဖြစ်ပါတယ်။
စစ်မှန်တဲ့ Dual Ph.D. / MBA တွေမှာ ဝင်ခွင့်အတွက် ခိုင်လုံတဲ့ ပညာအရည်အချင်း၊ လုပ်သက် အတွေ့အကြုံနှင့် English Proficiency (IELTS/TOEFL) တောင်းဆိုလေ့ရှိကြပါတယ်။
အတုတွေကတော့ လုပ်သက် (Life Experience) ကို ကြည့်ပြီး Master Degree တန်းပေးမယ်၊ သို့မဟုတ် Ph.D. ကို စာတမ်းမလိုဘဲ ပေးမယ်လို့ မက်လုံးပေးလေ့ရှိကြပါတယ်။
Dual Degree ဟာ ဘွဲ့နှစ်ခုစာ ပေါင်းထားတာဖြစ်သဖြင့် Credit မျှဝေခြင်း (Credit Transfer) ကြောင့် သက်သာခွင့် ရှိသော်လည်း လုံးဝ လွယ်ကူနေခြင်းမျိုးတော့ဘယ်လိုမှ မဖြစ်နိုင်ပါ၊ စာတမ်း (Dissertation/Thesis) ကို စနစ်တကျ ပြုစုကာပိုင်နိုင်ရမှာ ဖြစ်ပါတယ်။
၄။ Domain Name နှင့် Online Presence
ဒစ်ဂျစ်တယ်ခေတ်မှာ တက္ကသိုလ်တစ်ခုရဲ့ တည်ရှိမှုကို အွန်လိုင်းမှ အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။
Domain တွေအနေနဲ့ အမေရိကန်ကျောင်းအစစ်ဆိုလျှင် .edu ၊ ဗြိတိန်ဆိုလျှင် .ac.uk ၊ ဩစတြေးလျ ဆိုလျှင် .edu.au အစရှိသည်ဖြင့် အစိုးရက ထိန်းချုပ်ထားတဲ့ Domain များကို သုံးစွဲကြပါတယ်၊ .com, .org များ သုံးတဲ့ "တက္ကသိုလ်" တွေကို အထူးသတိပြုဖို့လိုပါတယ်။
အနောက်နိုင်ငံများနည်းတူ အာရှအင်အားကြီးနိုင်ငံများမှာလည်း တက္ကသိုလ်အတု (Degree Mill) များ ရှိနေတတ်တာကြောင့် အစိုးရအသိအမှတ်ပြု တက္ကသိုလ်စစ်စစ် ဟုတ်၊ မဟုတ်ကို အောက်ပါ Domain များဖြင့် အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။
(က) အိန္ဒိယနိုင်ငံ (India)
အိန္ဒိယနိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိက အသိအမှတ်ပြု တက္ကသိုလ်တွေဟာ အောက်ပါ Domain ကို အသုံးပြုလေ့ရှိပါတယ်။
Official Domain အနေနဲ့ .ac.in (ဥပမာ - Delhi University ဆိုလျှင် du.ac.in) သို့မဟုတ် .edu.in
သတိပြုရမှာကတော့ အိန္ဒိယအခြေစိုက်ဟုဆိုကာ .com, .net သုံးထားပြီး UGC (University Grants Commission) တွင် စာရင်းမသွင်းထားတဲ့ ကျောင်းတွေကို ရှောင်ပါ၊ အိန္ဒိယမှာ Distance Education အတွက် UGC-DEB အသိအမှတ်ပြုမှု အထူးလိုအပ်ပါတယ်။
(ခ) တရုတ်နိုင်ငံ (China)
တရုတ်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဗဟိုအစိုးရထိန်းချုပ်မှု ပြင်းထန်တာကြောင့် Domain တွေဟာ အလွန်တိကျပါတယ်။
Official Domain အနေနဲ့ .edu.cn (ဥပမာ - Tsinghua University ဆိုလျှင် tsinghua.edu.cn)
သတိပြုရမှာကတော့ တရုတ်တက္ကသိုလ် အမည်ခံထားပေမယ့် .edu.cn မဟုတ်ဘဲ အခြား Domain တွေသုံးနေလျှင်တော့ သတိထားရပါမယ်၊ တရုတ်ပညာရေးဝန်ကြီးဌာန (MOE) ၏ "White List"မှာ ပါဝင်ခြင်း ရှိမရှိ စစ်ဆေးရပါမယ်။
(ဂ) ထိုင်းနိုင်ငံ (Thailand)
ထိုင်းနိုင်ငံရှိ တက္ကသိုလ်တွေဟာ ထိုင်းအဆင့်မြင့်ပညာရေး ဝန်ကြီးဌာန (MHESI) လက်အောက်တွင် ရှိပြီး Domain သတ်မှတ်ချက် တိကျပါတယ်။
Official Domainအနေနဲ့ .ac.th (ဥပမာ - Chulalongkorn University ဆိုလျှင် chula.ac.th၊ Bangkok University ဆိုလျှင် bu.ac.th)တို့ဖြစ်ပါတယ်
သတိပြုရမှာကတော့ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ နိုင်ငံတကာကျောင်း (International College) အချို့ဟာ .ac.th မရရှိဘဲ .com သုံးနေခဲ့ရင် ဒီကျောင်းရဲ့ တရားဝင်လိုင်စင်ကို သေချာပြန်စစ်ဆေးရန် လိုပါတယ်။
(ဃ) မလေးရှားနိုင်ငံ (Malaysia)
မလေးရှားဟာ နိုင်ငံတကာ တက္ကသိုလ်ခွဲ (Branch Campuses) များစွာရှိသဖြင့် အနည်းငယ် ရှုပ်ထွေးနိုင် သော်လည်း အခြေခံအားဖြင့် အောက်ပါအတိုင်း ဖြစ်ပါတယ်။
Official Domain အနေနဲ့ edu.my ဖြစ်ပြီး၊ ဥပမာ - Universiti Malaya (um.edu.my), Universiti Putra Malaysia (upm.edu.my) ဖြစ်ပါတယ်။
စစ်ဆေးရန်နေရာကတော့ မလေးရှားတွင် MQA (Malaysian Qualifications Agency) ဟာ အလွန် အရေးကြီးပြီး၊ MQR (Malaysian Qualifications Register) မှာ မိမိတက်မည့်ကျောင်းနှင့် ဘာသာရပ် ပါ/မပါ မဖြစ်မနေ စစ်ဆေးရပါမယ်။
ထူးခြားချက်အနေနဲ့ နိုင်ငံခြားတက္ကသိုလ်ခွဲများ (ဥပမာ - Monash, Nottingham) တို့ဟာသူတို့ရဲ့ မိခင်နိုင်ငံ Domain (ဥပမာ .edu.au or .ac.uk) ကို သုံးလေ့ရှိသလို၊ monash.edu.my ကဲ့သို့ .edu.my ကိုလည်း တွဲသုံးလေ့ရှိပါတယ်။
(င) ကမ္ဘောဒီးယားနိုင်ငံ (Cambodia)
ကမ္ဘောဒီးယားတွင် ပုဂ္ဂလိကကျောင်းတွေ ပေါများလာသဖြင့် Domain ကို သတိထားကြည့်ရှုသင့် ပါတယ်။
Official Domainအနေနဲ့ .edu.kh ဖြစ်ပြီး၊ ဥပမာ - Royal University of Phnom Penh (rupp.edu.kh)
သတိပြုရမှာကတော့ ကမ္ဘောဒီးယားရှိ အချို့သော ပုဂ္ဂလိကကျောင်းငယ်တွေဟာ .com သို့မဟုတ် .org ကို သုံးစွဲနေသေးတာကို တွေ့ရတတ်ပါတယ်၊ သို့သော် အဆင့်မြင့် Dual Degree သို့မဟုတ် Ph.D. တက်မယ်ဆိုရင် .edu.kh ရရှိထားပြီးသော ခိုင်မာသည့် တက္ကသိုလ်ကိုသာ ရွေးချယ်သင့်ပါတယ်၊ ACC (Accreditation Committee of Cambodia) အသိအမှတ်ပြုမှုကို ရှာဖွေရပါမယ်။
(စ) ထိုင်ဝမ် (Taiwan)
ထိုင်ဝမ်ရဲ့ ပညာရေးစနစ်နှင့် အိုင်တီနည်းပညာဟာ အလွန်မြင့်မားပြီး စည်းကမ်းတင်းကျပ်လွန်းသဖြင့် Domain အတုအပ ပြုလုပ်ရန် ခက်ခဲသလို ယုံကြည်စိတ်ချရမှု အမြင့်ဆုံးစာရင်းတွင် ပါဝင်ပါတယ်။
Official Domain အနေနဲ့ .edu.tw ဖြစ်ပြီး၊ ဥပမာ - National Taiwan University (ntu.edu.tw)
မှတ်ချက် အနေနဲ့ ထိုင်ဝမ်တက္ကသိုလ်တွေဟာ အစိုးရ (National) နှင့် ပုဂ္ဂလိက (Private) နှစ်မျိုးလုံး edu.tw ကို အသုံးပြုကြပါတယ်၊ အကယ်၍ ထိုင်ဝမ်ကျောင်းလို့ ပြောပြီး .com သုံးထားလျှင်တော့ လုံးဝ (လုံးဝ) မယုံပါနှင့်။
(ဆ) ဗီယက်နမ်နိုင်ငံ (Vietnam)
ဗီယက်နမ်သည် ပညာရေးအရှိန်အဟုန် မြင့်တက်နေပြီး နိုင်ငံတကာ ပူးပေါင်းမှုများပြားပါတယ်။
Official Domain အနေနဲ့ .edu.vn ဖြစ်ပြီး ဥပမာ - Vietnam National University (vnu.edu.vn), RMIT Vietnam (rmit.edu.vn) ဖြစ်ပါတယ်။
သတိပြုရမှာကတော့ ဗီယက်နမ်တွင်လည်း Joint Program များပြားလှပြီး မည်သည့်ကျောင်းနှင့် တွဲဖက်သည်ဖြစ်စေ ဗီယက်နမ်ဘက်မှ တက္ကသိုလ်ဟာ .edu.vn ရှိကို ရှိနေရပါမယ်။
Faculty တွေအနေနဲ့ ကျောင်းဝက်ဘ်ဆိုက်မှာ သင်ကြားမည့် ပါမောက္ခများ၏ အမည်၊ ဓာတ်ပုံနှင့် ၎င်းတို့၏ ပညာအရည်အချင်းများကို ထင်သာမြင်သာ ဖော်ပြထားခြင်း ရှိမရှိ ကြည့်ရပါမယ်။
၅။ "Fast-Track" ဆိုတဲ့ စကားလုံးကို သတိပြုပါ။
Dual MBA သို့မဟုတ် Dual Ph.D. တစ်ခုဟာ အနည်းဆုံး ၁ နှစ်ခွဲမှ ၃ နှစ် (သို့မဟုတ် ထို့ထက်ပို၍) ကြာမြင့်တတ်ပါတယ်။
၆ လ (သို့) ၁ နှစ်အတွင်း Ph.D. နှစ်ခုရမယ်ဆိုတဲ့ ကမ်းလှမ်းမှုတွေဟာ ယုတ္တိမရှိသလို ပညာရေးမှာ ဖြတ်လမ်းဆိုတာမရှိပါဘူး။ အချိန်နှင့်အမျှ ရင်းနှီးမြှုပ်နှံရတဲ့ Knowledge Creation လုပ်ငန်းစဉ် ရှိရပါမယ်။
မြန်မာနိုင်ငံမှ ကျောင်းသား/သူများ၊ လုပ်ငန်းခွင်ဝင်နေသူများအနေဖြင့် မိမိရဲ့ ချွေးနည်းစာနှင့် တန်ဖိုးရှိတဲ့ အချိန်တွေကို ရင်းနှီးမြှုပ်နှံတော့မည်ဆိုလျှင် "ဘွဲ့လက်မှတ် (Paper)" ကို မဝယ်ဘဲ "ပညာ (Education)" ကိုသာ ဝယ်ယူကြပါရန် တိုက်တွန်းလိုပါတယ်။
မိမိတက်ရောက်မည့်ကျောင်းဟာ နိုင်ငံတကာ အလုပ်အကိုင်ဈေးကွက် (International Job Market) နှင့် Scholarship အခွင့်အလမ်းများအတွက် အမှန်တကယ် အထောက်အကူပြုမည့် Accredited Degree ဖြစ်ပါစေဗျာ။
Dual ဆိုတိုင်းမမှန်တာမဟုတ်ပေမယ့် စစ်ဆေးမှု့ရှိထားတာပိုကောင်းပါတယ်။