07/04/2023
ဧပြီလ ၇ရက်နေ့ တာချီလိတ်မြို့၏ ဝန်းကျင်လေထုအရည်အသွေး -PM 10 သည် ခရမ်းရောင်အဆင့် (Very Unhealthy) သို့ရောက်ရှိနေ
တာချီလိတ်၊ ဧပြီလ (၇)။
၂၀၂၃ ခုနှစ် ဧပြီလ (၆)ရက်နေ့ မှ ဧပြီလ (၇)ရက်နေ့အထိ (၂၄)နာရီကြာ တိုင်းတာရရှိသည့် တာချီလိတ်မြို့၏ ဝန်းကျင်လေထုအရည်အသွေးမှာ PM10 သည် ခရမ်းရောင်အဆင့် (Very Unhealthy) သို့ ရောက်ရှိနေပြီး ဝန်းကျင်လေထုအရည်အသွေး (AQI) မှာ (၂၄၅) သို့ ရောက်ရှိကာ ထိခိုက်လွယ်သည့် အုပ်စုများအတွက် ကျန်းမာရေးထိခိုက်နိုင်ကြောင်း တာချီလိတ် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရှိရသည်။
ဧပြီလ ၅ရက်နေ့ တိုင်းတာချက်များအရ တာချီလိတ်မြို့၏ ဝန်းကျင်လေထု အရည်အသွေးသည် လိမ္မော်ရောင်အဆင့် (Unhealthy for Sensitive groups) တွင် ရှိနေခဲ့သော်လည်း ဧပြီလ ၆ရက်နေ့တွင် အနီရောင် အဆင့် (Unhealthy) သို့ ပြန်လည်ရောက်ရှိခဲ့ကာ ယနေ့ ဧပြီလ ၇ရက်နေ့တွင် ခရမ်းရောင်အဆင့် (Very Unhealthy) သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
လေထုညစ်ညမ်းမှုများကြောင့် ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခြင်းမှ ရှောင်ကြဥ်သင့်ပါကြောင်း နှင့် မဖြစ်မနေအပြင်ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း Mask များတပ်ဆင်ကြပါရန် တာချီလိတ် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အကြံပြုထားသည်။
ဧပြီလ ၆ရက်နေ့ တွင် တာချီလိတ် လေဆိပ်၌ ဆင်းရန် လျာထားသော လေယာဉ်ခရီးစဉ်များသည် မီးခိုးမှိုင်းများ ထူထပ်နေပြီး လေယာဉ်ဆင်းသက်ရန် အခက်အခဲရှိသည့်အတွက် ခရီးစဉ်များ ဖျက်သိမ်းရကြောင်း သိရှိရသည်။
#ရှမ်းအရှေ့သတင်းမဏ္ဍိုင်