Mr.Kwan Hkam

Mr.Kwan Hkam "Empowering you to live, think, and grow better"
THINK BETTER. LIVE BETTER It suggests growth in any area: mindset, lifestyle, health, relationships, etc.

"Empowering you to live, think, and grow better"
"Inspiring Growth | Mindset, Lifestyle & Personal Development"
“Inspiring” = Action-driven, motivating, and positive.
“Better” = Open-ended and powerful.

12/08/2026

🙏 ခန္ဓာငါးပါး နဲ့ ဝိပဿနာ 🙏
……………………………..
🙏 မဟာသတိပဋ္ဌာန်လေးပါး တရားအားထုတ်သူအဖို့ သိရမယ့်တရားတွေထဲမှာ ခန္ဓာငါးပါး ပါပါတယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဟောထားတဲ့ထဲက ဓမ္မနုပဿနာသတိပဋ္ဌာန် ဆင်ခြင်ခြင်းအပိုင်းမှာ ခန္ဓာငါးပါးကို ဆင်ခြင်ခြင်းဆိုတာပါပါတယ်။ ဘာကြောင့် ခန္ဓာငါးပါးကို ဆင်ခြင်ရတာလဲ။
🙏 အဓိကကတော့ -
လက်ရှိရှိနေတဲ့ ဖြစ်ပျက်နေတဲ့ ဒီခန္ဓာဟာ “ငါ” “ငါ့ဟာ” ဆိုတဲ့ အတ္တကင်းစေရန်။
ရုပ်နဲ့နာမ်မှာ ဖြစ်ပျက်နေတဲ့ သဘောတရားလေးတွေကို ခွဲခြားပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ရန်။
ရုပ်နာမ်မှာ ဖြစ်ပေါ်နေတဲ့ လက္ခဏာကိုကြည့်ပြီး သက်ဆိုင်ရာအစုအဝေးကို သိရှိနိုင်ရန် ဖြစ်ပြီး
အဆုံးမှာ ခန္ဓာငါးပါးစလုံးသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ကြောင်း ထိုးသွင်းသိမြင်နိုင်ရန်ဖြစ်ပါတယ်။

🙏 ခန္ဓာငါးပါးဆိုတာဘာလဲ။
ခန္ဓာ ဆိုတာ အစုအဝေး၊ ငါးပါး ကတော့ ငါးခုပေါ့။ အဓိကလက္ခဏာသဘောတရားတွေကို တူရာတူရာစုထားတဲ့ အစုအဝေးငါးခု လို့မှတ်ထားလို့ရပါတယ်။ ဒီအစုအဝေးငါးခုရဲ့ ခန္ဓာအမည်ကတော့ -
၁) ရူပက္ခန္ဓာ
၂) ဝေဒနာက္ခန္ဓာ
၃) သညာက္ခန္ဓာ
၄) သင်္ခါရက္ခန္ဓာ
၅) ဝိညာဏက္ခန္ဓာ တို့ပဲဖြစ်ပါတယ်။
ခန္ဓာငါးပါး ကို ရုပ်တရားနဲ့ဆိုင်တဲ့အစုအဝေးဖြစ်တဲ့ ရုပ်ခန္ဓာ(၁)ပါး
စိတ်၊ စေတသိတ် နဲ့ဆိုင်တဲ့ နာမ်တရားအစုအဝေးဖြစ်တဲ့ နာမ်ခန္ဓာ(၄)ပါး ဆိုပြီး ခွဲပြီးနားလည်နိုင်ပါတယ်။

🙏 ခန္ဓာငါးပါးရဲ့အသေးစိတ်ကို သိချင်ရင်တော့ ရုပ်ပရမတ်(၂၈)ပါး၊ စိတ်(၈၉)ပါး သို့မဟုတ် (၁၂၁)ပါး နဲ့ စေတသိတ်(၅၂)ပါး စတာတွေကို အဘိဓမ္မာထဲမှာ တခုချင်းစီသွားရောက်လေ့လာနိုင်ပါတယ်။
ဒီမှာတော့ မဟာသတိပဋ္ဌာန်အားထုတ်ခြင်းဖြင့် ချည်းကပ်မှာမို့ မိမိသဏ္ဍာန်မှာ ဖြစ်ပေါ်နေတဲ့ သဘောတရား နဲ့ လက္ခဏာတွေကိုသိရင်ရပါပြီ။ တကယ်အားထုတ်တဲ့အခါမှာလည်း ဒါတွေပဲတွေ့မှာပါ။ ပြီးမှ ဓမ္မနုပဿနာသတိပဋ္ဌာန်အနေနဲ့ ဒီသဘောတရားလေးက ဘာခန္ဓာလေးပါလားဆိုပြီး ပြန်ဆင်ခြင်နိုင်ပါတယ်။
ဒါကြောင့်
ရူပက္ခန္ဓာ ဟာ ရုပ်တရားနဲ့သက်ဆိုင်တဲ့သဘောအားလုံး အစုအဝေး၊
ဝေဒနာက္ခန္ဓာ ဟာ ခံစားမှုနဲ့ သက်ဆိုင်တဲ့သဘောအားလုံး အစုအဝေး၊
သညာက္ခန္ဓာ ဟာ မှတ်သားမှုနဲ့ သက်ဆိုင်တဲ့သဘောအားလုံး အစုအဝေး၊
သင်္ခါရက္ခန္ဓာ ဟာ လှုံဆောင်ခြင်း၊ စေ့ဆော်ခြင်းနဲ့ သက်ဆိုင်တဲ့သဘောအားလုံး အစုအဝေး၊
ဝိညာဏက္ခန္ဓာ ဟာ စိတ်ဆိုတဲ့ နာမ်တရားနဲ့သက်ဆိုင်တဲ့သဘောအားလုံး အစုအဝေး ဆိုပြီး
အကျဉ်းအားဖြင့် နားလည်ထားလို့ရပါတယ်။

🙏 ခန္ဓာငါးပါး နဲ့ ဝိပဿနာ 🙏
🙏 တချို့ကျတော့လည်း ဝိပဿနာကမ္မဋ္ဌာန်းပွားများတဲ့အခါ ခန္ဓာငါးပါးကို ရှုရမယ်လို့ ဆိုကြပါတယ်။ ခန္ဓာငါးပါးရဲ့ ပရမတ်တွေကို အသေးစိတ်သိဖို့လိုမယ်လို့ ဆိုကြပါတယ်။ အဲ့ဒီ ပရမတ်တွေကို ရှုရတာလို့ဆိုတယ်။
စာရေးသူအနေနဲ့ကတော့ ခန္ဓာငါးပါးကို ဘယ်လိုရှုရတာလဲဆိုတာကို သေချာမသိပါ။
အခုရူပက္ခန္ဓာကိုရှုမယ်၊ ဝေဒနာပေါ်လာရင် ဝေဒနာက္ခန္ဓာကိုရှုမယ် အဲ့လိုခွဲခြားပြီး ရှုတာလားတော့မသိဘူးပေါ့။
စာဖတ်သူ ဓမ္မမိတ်ဆွေများ၊ ယောဂီသူတော်စင်များ ခန္ဓာငါးပါးကို ဘယ်လိုရှုတာလဲဆိုတာသိရင် ပြောပြပေးပါ။

🙏 စာရေးသူအနေနဲ့ကတော့
ဝိပဿနာကမ္မဋ္ဌာန်းပွားများအားထုတ်တယ်ဆိုတာ အရင်ပြောဖူးတဲ့
ပထမအဆင့် သတိဖြင့် သိမှတ်ခြင်း
ဒုတိယအဆင့် သမာဓိဖြင့် ရှုမှတ်ခြင်း
နောက်ဆုံးအဆင့် ပညာဖြင့် ထိုးဖောက်သိမြင်ခြင်း ဆိုတဲ့ အဆင့်(၃)ဆင့်ကို ဖော်ဆောင်ခြင်းလုပ်ငန်းစဉ်ပါ။

🙏 ဝိပဿနာလုပ်ငန်းစဉ်ကို လေ့လာသင်ယူသည့်အပိုင်း နှင့် လေ့ကျင့်ပွားများသည့်အပိုင်း ဆိုပြီး(၂)ပိုင်းပြန်ခွဲလို့ရပါတယ်။
စာဖတ်၊ တရားနာ၊ တတ်သိသော အတွေ့အကြုံရင့်သော ပုဂ္ဂိုလ်များထံမေးမြန်းခြင်း စတဲ့ သုတအသိတိုးပွားအောင်လုပ်ခြင်းက လေ့လာသင်ယူသည့်အပိုင်းလို့ဆိုလိုပါတယ်။
လေ့ကျင့်၊ ပွားများသည့်အပိုင်းကတော့ မဟာသတိပဋ္ဌာန်တရားအားထုတ်ခြင်းကို ဆိုလိုပါတယ်။
စာရေးသူကတော့ လေ့လာသင်ယူခြင်းထက် လေ့ကျင့်ပွားများအားထုတ်ခြင်းကို ပိုပြီးဦးစားပေးပါတယ်။
ဒါကြောင့် ခန္ဓာငါးပါးနဲ့ ပတ်သက်လာရင် ခန္ဓာတစ်ခုချင်းစီရဲ့ အသေးစိတ်ကို လေ့လာတာထက်
သတိပဋ္ဌာန်အားထုတ်ခြင်းဖြင့် ဖြစ်ကြောင်းပျက်ကြောင်းသဘောတွေကို ရှုမှတ်ရင်း၊ ဒီဖြစ်ကြောင်းတရားလေးကတော့ ရူပက္ခန္ဓာ၊ ဒီပျက်ကြောင်းတရားလေးက ဝေဒနာက္ခန္ဓာ ပါလားဆိုပြီး ဖြစ်စဉ်တခုစီတိုင်းမှာ ရုပ်နာမ်ခန္ဓာငါးပါးဟာ ပါဝင်နေတာကို ပြန်ပြီးဆင်ခြင်ခြင်းက ပိုပြီးနားလည်စေပါတယ်။

🙏 ပိုရှင်းသွားအောင် ဝင်လေ–ထွက်လေကို အာနာပါနသတိနဲ့ ရှုမှတ်နေရာကနေ ခန္ဓာငါးပါးကို တစ်ပါးချင်းစီ ဘယ်လိုမြင်နိုင်သလဲ ဆိုတာ ဥပမာနဲ့ ခွဲပြပါမယ်။
နှာခေါင်းကနေ လေလေးဝင်သွားလိုက်၊ လေလေးပြန်ထွက်လာလိုက်။
နှာခေါင်း နဲ့ လေတို့ဟာ ရူပက္ခခန္ဓာရဲ့ ပညတ်အမည်တွေလို့ပြောလို့ရပါတယ်။
ဝင်သွားတဲ့လေလေးက အေးကနဲပဲ၊ ပြန်ထွက်လာတဲ့လေက ပူကနဲပဲဆိုတာတွေက ရူပက္ခန္ဓာရဲ့ ပရမတ်သဘောလို့မှတ်ယူနိုင်ပါတယ်။
ရှူသွင်းလိုက်တဲ့လေလေးအေးကနဲဖြစ်သွားလို့ သာယာသွားတာ၊
ပြန်ရှူထုတ်လိုက်တဲ့လေလေးက ပူကနဲဖြစ်သွားလို့ ပေါ့ပါးသွားတာတွေက ဝေဒနာက္ခန္ဓာရဲ့ သဘောတွေပါလို့မှတ်ယူနိုင်ပါတယ်။
ဒါကလေပူ၊ ဒါကလေအေး၊ ဒါကဝင်လေ၊ ဒါကထွက်လေ ဆိုပြီး ခွဲခြားသိနေတာက သညာက္ခန္ဓာရဲ့ သဘောလို့မှတ်ယူနိုင်ပါတယ်။
အသက်ရှူသွင်းလိုက်ပြီး ချက်ချင်းပြန်ရှူထုတ်မယ်၊ မဟုတ်ရင်လည်း ခဏလေးအောင့်ထားမယ်၊ ကြာကြာမအောင့်နိုင်တော့ ပြန်ရှူထုတ်ချင်တယ်၊ ရှူထုတ်လိုက်ပြီး ပြန်မရှူသွင်းလို့လည်းမရစတဲ့သဘောတွေက သင်္ခါရက္ခန္ဓာရဲ့ သဘောတွေလို့ မှတ်ယူနိုင်ပါတယ်။
ဝင်လေ၊ ထွက်လေ၊ ပူတယ်၊ အေးတယ် ဖြစ်တိုင်းသိနေတာက ဝိညာဏက္ခန္ဓာ လို့မှတ်ယူနိုင်ပါတယ်။

🙏 ဥပမာကို အတိုချုပ်ရရင် -
ဝင်လေ၊ ထွက်လေ ရုပ်သဘောက (ရူပက္ခန္ဓာ)
ဝင်လေ၊ ထွက်လေရှုရင်း ဖြစ်ပေါ်လာတဲ့ ခံစားမှုက (ဝေဒနာက္ခန္ဓာ)
ဝင်လေ၊ ထွက်လေဆိုပြီး ခွဲခြားမှတ်ယူနေတာက (သညာက္ခန္ဓာ)
ဝင်လေ၊ ထွက်လေရှုရင်း ဖြစ်ပေါ်လာတဲ့ စိတ်ရဲ့တုန့်ပြန်မှုသဘောက (သင်္ခါရက္ခန္ဓာ)
ဝင်လေ၊ ထွက်လေကို သိနေတာကအစ ဒီဖြစ်စဉ်အားလုံးတစ်ခုချင်းစီကို သိနေတာက (ဝိညာဏက္ခန္ဓာ) ဆိုပြီး ဆင်ခြင်နိုင်ပါတယ်။
ဒီမှာ ရူပက္ခန္ဓာရဲ့သဘောကိုရှုမယ်၊ ဝေဒနာက္ခန္ဓာရဲ့သဘောကိုရှုမယ် ဆိုပြီး စိတ်ကူးနဲ့ခွဲတာမဟုတ်ပဲ၊ သဘာဝအတိုင်း ဝင်လေ-ထွက်လေကို ရှုမှတ်ရင်း ဖြစ်ပေါ်လာတဲ့ သဘောတရားလေးတွေကို ပြန်ပြီးဆင်ခြင်ခြင်းဖြစ်ပါတယ်။
ကာယနုပဿနာသတိပဋ္ဌာန်အားထုတ်ခြင်း၊
ဝေဒနာနုပဿနာသတိပဋ္ဌာန်အားထုတ်ခြင်း၊
စိတ္တာနုပဿနာသတိပဋ္ဌာန်အားထုတ်ခြင်းဖြင့် ဖြစ်ပျက်နေတဲ့ သဘောတရားတွေကို ဓမ္မနုပဿနာသတိဋ္ဌာန်ဖြင့် ဆင်ခြင်ခြင်းဖြစ်ပါတယ်။
ဘယ်လိုပဲ ရှုမှတ်ရှုမှတ် အဓိက နောက်ဆုံးမှာ ဒီခန္ဓာတွေဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုပြီး ပညာနဲ့ထိုးသွင်းသိမြင်နိုင်ဖို့ပဲလိုပါတယ်။

🙏 ဒီလောက်ဆို ခန္ဓာငါးပါး တစ်ခုချင်းစီအသေးစိတ်မသိပဲ မဟာသတိပဋ္ဌာန်လေးပါးဖြင့် ဝိပဿနာကမ္မဋ္ဌာန်းတရားအားထုတ်နိုင်လိမ့်လို့ ယုံကြည်ပါတယ်။ ခန္ဓာငါးပါးနဲ့ပတ်သက်ပြီး
ဒီလောက်နဲ့ မလုံလောက်ဘူးလို့ ယူဆရင်လည်း ဒီထက်ပို အသေးစိတ်ကို ဆက်ပြီးလေ့လာချင်တယ်ဆိုရင်လည်း လေ့လာနိုင်ပါတယ်။ လမ်းပြမြေပုံကို အသေးစိတ်အလွတ်ကျက်ပြီး ကိုယ်တိုင်လျှောက်လှမ်းဖို့တော့မမေ့ပါနဲ့။
🙏🙏🙏
အားလုံးပဲ သတိပဋ္ဌာန်တရားအားထုတ်ခြင်းဖြင့် ဝိပဿနာဉာဏ်များရင့်ကျက်ပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်များရရှိကြပါစေ။

သဗ္ဗေသင်္ခါရာ အနိစ္စာ
သဗ္ဗေသင်္ခါရာ ဒုက္ခာ
သဗ္ဗေဓမ္မာ အနတ္တာ
🙏🙏🙏

09/08/2026

🙏 သတိပဋ္ဌာန်လေးပါးနဲ့ပတ်သက်ပြီး စာရေးသူ၏ အမှာစာ 🙏
…………………………………………………………
🙏 မဟာသတိပဋ္ဌာန်လေးပါးစလုံးကို အကျဉ်းပြန်လည်ရေးသားဖော်ပြတာပြီးသွားလို့
မိမိကိုယ်ကိုဝမ်းသာပီတိဖြစ်မိပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် ဟောကြားထားသောတရားဖြစ်ပါတယ်။ 🙏🙏🙏

🙏 အခုလိုပြန်လည်ရေးသားရာမှာ
မိမိအနေနဲ့ လက်လှမ်းမီသလောက်စာပေကျမ်းဂန်တွေထဲဖတ်ရှုလေ့လာခြင်း၊
ပရိယတ္တိစာပေတတ်ကျွမ်းသော ရဟန်းရှင်လူများ၏ တရားများကို နာယူခြင်း၊
ပဋိပတ္တိအားထုတ်ပြီး ဉာဏ်ရင့်ကျက်ပြီးသော သံဃာရှင်သူမြတ်တို့၏ တရားများကိုနာယူခြင်း နှင့်
စာရေးသူကိုယ်တိုင် ကျင့်ကြံအားထုတ်ခဲ့ဖူးသော၊ အားထုတ်နေဆဲဖြစ်သော သမထ၊ ဝိပဿနာကမ္မဋ္ဌာန်းမှ ရရှိသော အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး ပြန်လည်ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။
စာရေးသူအနေနဲ့ ဗုဒ္ဓတရားကို ပြန်လည်ရေးသားဖော်ပြပုံမှာ
စာအသိကို စာအသိအတိုင်း၊ ဉာဏ်အသိကို ဉာဏ်အသိအတိုင်း
ရိုးရိုးသားသားပြန်လည်ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။
စာရေးသူ၏အရေးအသားကို သေချာဖတ်ရှုသူများအနေနဲ့ သတိထားမိမှာပါ။ မဖတ်ရသေးသူများအောက်ဆုံးတွင်လင့်ခ်တွဲထားပေးပါတယ်။

🙏 ဗုဒ္ဓရဲ့တရားသည် သစ္စာလေးပါးအမှန်တရားဖြစ်တယ်။
ထို သစ္စာလေးပါးအမှန်တရားကို သိရှိနိုင်ရန် ကိုယ်တိုင်ရှာဖွေရပါမယ်။
ဆုတောင်းယူလို့မရသလို၊ ယတြာချေလို့လည်းမရပါ။ ဒါနနဲ့ လာဘ်ထိုးယူလို့လဲမရပါ။
သစ္စာလေးပါးကို သိရှိနိုင်ရန် -
အရင်ဆုံး လက်ရှိဖြစ်ပေါ်နေတဲ့ အမှန်တရားကို မှန်မှန်ကန်ကန်မြင်ဖို့လိုပါတယ်။
မှန်ကန်စွာမြင်ယုံနဲ့မပြီးသေးပါ။ မှန်ကန်စွာနှလုံးသွင်းဆင်ခြင်ရပါမယ်။
မှန်ကန်စွာမြင်ပြီး၊ မှန်ကန်စွာနှလုံးသွင်းဆင်ခြင်နိုင်ဖို့
မှန်ကန်တဲ့ သတိ၊ မှန်ကန်တဲ့ ဝီရိယ၊ မှန်ကန်တဲ့ သမာဓိလိုအပ်ပြန်ပါတယ်။
မှန်ကန်တဲ့ သတိ၊ ဝီရိယ၊ သမာဓိအတွက် အခြေခံသည် မှန်ကန်တဲ့ သဒ္ဓါ၊ သီလ ရှိဖို့လိုအပ်ပါတယ်။
မိမိရဲ့ သဏ္ဍာန်မှာ သဒ္ဓါ၊ သီလ၊ သတိ၊ သမာဓိ၊ ပညာ အကြောင်းတရားတွေပြည့်စုံလာတဲ့အခါ သစ္စာလေးပါးအမှန်တရားကို ကိုယ်တိုင်ရှာဖွေတွေ့ရှိလာပါလိမ့်မယ်ဟု လမ်းညွှန်ထားပါတယ်။

🙏 အကယ်၍မိမိမှာ လက်တွေ့အတွေ့အကြုံကြောင့်ခိုင်မာတဲ့ယုံကြည်မှု “သဒ္ဓါ” မရှိသေးသော်လည်း၊
မျက်စိမှိတ်ယုံကြည်ခြင်းမဟုတ်ပဲ၊ အကြောင်းပြချက်ရှိတဲ့ ယုံကြည်မှုနဲ့
✅ဗုဒ္ဓသည် ဤသစ္စာလေးပါးတရားကို ကိုယ်တိုင်ရှာဖွေတွေ့ရှိသူ၊
သူတပါးကိုလည်း ✅နားလည်အောင်ပြန်လည်ဟောကြားနိုင်သလို၊
အခြားသူတွေကိုလည်း သစ္စာလေးပါးတရားမြင်နိုင်ရန် လမ်းပြပေးနိုင်သူ ဟု
ယုံကြည်တဲ့ “သဒ္ဓါ” တရားရှိပါက သစ္စာလေးပါးတရားကို
အမှန်တကယ်ထိုးထွင်းမြင်နိုင်ဖို့ မျိုးစေ့ ရှိပြီလို့ယူဆလို့ရပါတယ်။
ကျန်တာ သီလ၊ သတိ၊ သမာဓိ၊ ပညာ များကို ရေးလောင်းပေါင်းသင်လုပ်ဖို့ပဲလိုအပ်ပါတယ်။
အချိန်တန်ရင် အပင်ကြီးထွားလာပြီးအသီးအပွင့်များဝေဆာလာပါမယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို မဟာသတိပဋ္ဌာန်လေးပါးတရားဖြင့် လမ်းညွှန်ပြခဲ့ပြီးဖြစ်ပါတယ်။
သတိပဋ္ဌာန်လေးပါးတရားသည် စာအသိ၊ သညာအသိအဖြစ် လေ့လာဖတ်ရှုမှတ်သားရန်သက်သက်မဟုတ်ပဲ၊ ကိုယ်တိုင်လက်တွေ့လေ့ကျင့်ရန်လိုအပ်သော တရားဖြစ်ပါတယ်။ သတိပဋ္ဌာန်လေးပါးသည် ဝိပဿနာကမ္မဋ္ဌာန်းဖြစ်ပါတယ်။
ဝိပဿနာ ပထမအဆင့် - သတိဖြင့်သိခြင်း
ဝိပဿနာ ဒုတိယအဆင့် - သမာဓိဖြင့်ရှုခြင်း
ဝိပဿနာ နောက်ဆုံးအဆင့် - အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို ပညာဖြင့်မြင်ခြင်း စတဲ့ သတိ၊ သမာဓ၊ ပညာ အဆင့်(၃)ဆင့်စလုံးကို ဖြစ်စေပါတယ်။
သတိပဋ္ဌာန်လေးပါးစလုံးကို အခြေခံကောင်းမွန်စွာလေ့ကျင့်ပြီးသား ယောဂီပုဂ္ဂိုလ်များအနေနဲ့
ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်ဖို့ -
၁) အချိန်မရှိဘူးဆိုတာ မဖြစ်တော့ပါဘူး။
၂) တစ်ယောက်ထဲနေရလို့ အထီးကျန်တယ်ဆိုတာမရှိတော့ပါဘူး။
၃) ပျော်ရွှင်မှုကို အပြင်မှာမဟုတ်ပဲ စိတ်အတွင်းမှာရှာဖွေနိုင်ပါတယ်။
၄) “ဝိပဿနာအားထုတ်ရတာ အရမ်းခက်ခဲတာပဲ”ဆိုတာလဲ မရှိတော့ပါဘူး။ (အရမ်းမခက်ခဲတာကို လွယ်လွယ်လေးလို့မဆိုလိုပါ။)
ဝိပဿနာအားထုတ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလို့ ယူဆသောသူသည် သေချာပါတယ် သတိပဋ္ဌာန်တရားကို အားမထုတ်ဘူးလို့ဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် အခြေခံကို ကောင်းကောင်းမပိုင်သေးလို့လဲဖြစ်ရင်ဖြစ်ပါမယ်။
ဒါကြောင့် သစ္စာလေးပါးတရားကို ကိုယ်တိုင်သိမြင်နိုင်ဖို့ အကြောင်းတရားတွေထဲမှာ သူတော်ကောင်း၊ ဆရာသမားကောင်းတွေနဲ့ တွေ့ဖို့အကြောင်းလဲပါပါတယ်။
မဟာသတိပဋ္ဌာန်တရားလေးပါး ဝိပဿနာကမ္မဋ္ဌာန်းတရားအားထုတ်ခြင်းဖြင့် သတိ၊ သမာဓိ၊ ပညာ ကိုဖြစ်စေပါသည်ဟု အပြည့်အဝလက်ခံယုံကြည်ပါတယ်။ စာရေးသူရဲ့စာကို ဖတ်နေတဲ့ ဓမ္မမိတ်ဆွေများအားကိုလည်း အားထုတ်ဖို့တိုက်တွန်းလိုပါတယ်။

🙏 အချုပ်အားဖြင့် -
အားလုံးသိပြီးသားဖြစ်တဲ့ ဗုဒ္ဓရဲ့ သာသနာတော်နဲ့ နိဂုံးချုပ်ပါမယ်။
ဗုဒ္ဓရဲ့ သာသနာတော်မှာ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဆိုပြီးရှိပါတယ်။
ပရိယတ္တိ သည် လမ်းပြမြေပုံနဲ့တူပါတယ်။
ပဋိပတ္တိ သည် ကိုယ်တိုင်လျှောက်လှမ်းခြင်းနဲ့တူပါတယ်။
ပဋိဝေဓ သည် ဆိုက်ရောက်တာနဲ့တူပါတယ်။

🙏ဓမ္မမိတ်ဆွေများအနေနဲ့ လမ်းပြမြေပုံကို မည်မျှကျွမ်းကျင်စေကာမူ ကိုယ်တိုင်မလျှောက်လှမ်းပါက ခရီးမရောက်နိုင်ပါ။
လမ်းပြမြေပုံမသိပဲ တ‌နေ့နေ့တော့ရောက်ရမယ်ဆိုပြီး လျှောက်လှမ်းနေပါက လမ်းမှားနိုင်သလို၊ အချိန်ကြန့်ကြာနိုင်ပါတယ်။
လမ်းပြမြေပုံကို အလွတ်ရနေသော်လည်း မလျှောက်လှမ်းနိုင်သေးသောသူများလည်း စပြီးလျှောက်လှမ်းနိုင်ကြပါလို့ တိုက်တွန်းလိုပါတယ်။
လျှောက်လှမ်းနေသော ယောဂီများလည်း မမေ့မလျော့ပဲ လမ်းပြမြေပုံကို ပြန်ပြန်ကြည့်ဖို့ သတိပေးအပ်ပါတယ်။

🙏အားလုံးပဲ သတိပဋ္ဌာန်တရားအားထုတ်ခြင်းဖြင့် ဝိပဿနာဉာဏ်ရင့်ကျက်ပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်များရရှိကြပါစေ။
🙏🙏🙏
သဗ္ဗေသင်္ခါရာ အနိစ္စာ
သဗ္ဗေသင်္ခါရာ ဒုက္ခာ
သဗ္ဗေဓမ္မာ အနတ္တာ
_________________________________________
သတိပဋ္ဌာန်လေးပါးလင့်ခ်များ
ကာယနုပဿနာ သတိပဋ္ဌာန်
https://www.facebook.com/share/p/14nSjMzjZ1L/?mibextid=wwXIfr

ဝေဒနာနုပဿနာ သတိပဋ္ဌာန်
https://www.facebook.com/share/p/1F3MBxorYi/?mibextid=wwXIfr

စိတ္တာနုပဿနာ သတိပဋ္ဌာန်
https://www.facebook.com/share/p/1C6jtqPSej/?mibextid=wwXIfr

ဓမ္မာနုပဿနာ သတိပဋ္ဌာန်
https://www.facebook.com/share/p/17TzjBpvWo/?mibextid=wwXIfr
🙏🙏🙏

04/08/2026

🙏"ကံ ကံ၏အကျိုးအပေါ် မြင်တဲ့ လောကီအာရုံ" နဲ့ "လောကုတ္တရာအာရုံ"🙏
--------------------------------------
ပုထုဇဉ်တည်တဲ့ သရဏဂုံနဲ့ အရိယာတည်တဲ့ သရဏဂုံ အကြောင်းရေးပြီးပြီဆိုတော့ အခု
ကံ၊ ကံ၏အကျိုးနဲ့ပတ်သက်ပြီး
"ကံ၊ ကံ၏အကျိုးအပေါ် မြင်တဲ့ လောကီအာရုံ" နဲ့ "လောကုတ္တရာအာရုံ" အကြောင်းဆက်ဖတ်ကြည့်ပါ။

ဗုဒ္ဓက
"လောကီအာရုံကောင်းတယ်၊ မကောင်းဘူး"
"လောကုတ္တရာအာရုံကောင်းတယ်၊ မကောင်းဘူး"
ဆိုတာထက်
"ဘယ်အာရုံက မြဲတယ်၊ မမြဲဘူး"
"ဘယ်အာရုံက အမှန်တကယ်ဆင်းရဲတယ်၊ အမှန်
တကယ်ချမ်းသာတယ်"
ဆိုတာကို အဓိကညွှန်ပြခဲ့တာပါ။

ဒါကြောင့်
"ကံ၊ ကံ၏အကျိုးအပေါ် မြင်တဲ့ လောကီအာရုံ" နဲ့ "လောကုတ္တရာအာရုံ" တို့ဟာ အာရုံမတူသလို ဉာဏ်ရဲ့အဆင့်လည်း မတူပါ။

🔆 ကံကံ၏အကျိုးကို မြင်တဲ့ လောကီအာရုံ
ဥပမာ -
✅ ကုသိုလ်လုပ်ရင် ကောင်းကျိုးရမယ်။
✅ အကုသိုလ်လုပ်ရင် ဆိုးကျိုးခံရမယ်။
✅ ဒါနပေးရင် စည်းစိမ်ရမယ်။
✅ သီလစောင့်ရင် နတ်ပြည်ရမယ်။
ဒီလိုမြင်ခြင်းဟာ မှန်ကန်သောအမြင် ဖြစ်ပါတယ်။
ဒါပေမယ့်—
အာရုံက သင်္ခတဓမ္မ ဖြစ်တယ်။
ကံ၊ ကံအကျိုး၊ လူ၊ နတ်၊ ဗြဟ္မာ၊ သုဂတိ၊ ဒုဂ္ဂတိ စတဲ့ အကြောင်းအရာတွေကို အာရုံပြုနေတယ်။
လောကထဲက အမှန်တရားကို မှန်ကန်စွာ နားလည်နေပေမယ့် လောကထဲမှာပဲ ရှိသေးတယ်။

🔆 လောကုတ္တရာအာရုံ
လောကုတ္တရာစိတ် (မဂ်စိတ်၊ ဖိုလ်စိတ်) မှာတော့—
အာရုံတစ်ခုတည်းပဲ ရှိပါတယ်။
နိဗ္ဗာန် ပါ။
မဂ်စိတ်ဖြစ်တဲ့အချိန်မှာ
ကံကို မကြည့်တော့ဘူး။
ကံအကျိုးကို မကြည့်တော့ဘူး။
သုဂတိကိုလည်း မကြည့်တော့ဘူး။
လူ၊ နတ်၊ ဗြဟ္မာကိုလည်း မကြည့်တော့ဘူး။
နိဗ္ဗာန်တစ်ခုတည်းကိုသာ အာရုံပြုတယ်။

ဒါဆို ဝိပဿနာမှာ ဘာကို ကြည့်တာလဲ
ဝိပဿနာဉာဏ်ကတော့
✅ ရုပ်
✅ နာမ်
✅ ခန္ဓာ (၅) ပါး
✅ ဓာတ် (၄) ပါး
✅ အာယတန (၁၂) ပါး
✅ သစ္စာ (၄) ပါး စတဲ့ သင်္ခတဓမ္မ တွေကို
🙏အနိစ္စ
🙏ဒုက္ခ
🙏အနတ္တ
ဆိုတဲ့ လက္ခဏာ (၃) ပါးနဲ့ မြင်တယ်။
ဒီအချိန်မှာ ဒီလိုမြင်နေတယ်ဆိုလည်း လောကီဉာဏ် ပဲ ဖြစ်သေးတယ်။
ထပ်ခါထပ်ခါ မြင်ဖန်များလာတော့မှ သင်္ခါရတရားတွေကို ဥပေက္ခာပြုလာနိုင်မယ်။
ဝိပဿနာဉာဏ် ရင့်ကျက်ပြီး ဂေါတြဘူဉာဏ် ကို ကျော်တဲ့အခါမှ
➡️ မဂ်စိတ် ပေါ်လာပြီး
➡️ အာရုံက နိဗ္ဗာန် ဖြစ်သွားတယ်။
အဲဒီအချိန်ကစပြီး လောကုတ္တရာ ဖြစ်ပါတယ်။

ဒါကြောင့်
"ကံ၊ ကံ၏အကျိုးအပေါ် မြင်တဲ့ လောကီအာရုံ" နဲ့ "လောကုတ္တရာအာရုံ" တို့ဟာ အာရုံမတူသလို ဉာဏ်ရဲ့အဆင့်လည်း မတူပါ။

🙏 မှန်ကန်သောအမြင်နဲ့ ကုသိုလ်ကောင်းမှုလုပ်ခြင်းဖြင့် လောကီအာရုံကိုပြုနိုင်ပြီး
ဝိပဿနာတရားအားထုတ်ခြင်းဖြင့် လောကုတ္တရာအာရုံကိုဆက်ပြုနိုင်ကြပါစေ။ 🙏

အလုံးစုံသောအာရုံသည် ဓမ္မဖြစ်သည်။
သဗ္ဗေသင်္ခါရာ အနိစ္စာ
သဗ္ဗေသင်္ခါရာ ဒုက္ခာ
သဗ္ဗေဓမ္မာ အနတ္တာ
🙏🙏🙏

#အနိစ္စ
#ဒုက္ခ
#အနတ္တ

04/08/2026

🙏တရားကို ဘယ်မှာရှာရမလဲ🙏............................................
👉တချို့တရားရိပ်သာ၊ တရားစခန်း မှာသွားရှာကြတယ်။
👉တချို့ ဘုန်းကြီးကျောင်းမှာ သွားရှာကြတယ်။
👉တချို့ အိမ်မှာပဲ အားထုတ်ရှာဖွေကြတယ်။
👉တချို့ကျတော့ "တရားရှာကိုယ်မှာတွေ့" လို့ပြောကြတယ်။
မတူညီတဲ့ ကာလ၊ ဒေသ၊ ပုဂ္ဂလ အမျိုးမျိုးနဲ့ရှာကြတယ်။
ဘာတရားတွေရှာပြီး ဘာတရားတွေရကြလည်း၊ ရသည်မရသည်ဆိုတာတော့ မိမိကိုယ်မိမိသာ အသိဆုံးပါ။

ဆိုတော့
🧘‍♂️**"တရားကို ဘယ်မှာရှာရမလဲ" ဆိုတာထက် "ဘာတရားကို ရှာနေတာလဲ" ဆိုတာကို အရင်ရှင်းဖို့ လိုတယ်။**

🧐ကိုယ်ကဘာတရားကို ရှာနေတာလဲ?

✅ငြိမ်းချမ်းချင်တာလား။
✅ပျော်ရွှင်ချင်တာလား။
✅ကံကောင်းချင်တာလား။
✅ဘဝအောင်မြင်ချင်တာလား။
✅သံသရာမှ လွတ်မြောက်ချင်တာလား။

⛳ရှာဖွေတဲ့ ပန်းတိုင်မရှင်းရင် လမ်းမှန်ကို ရွေးဖို့ ခက်တယ်။

🙏ဗုဒ္ဓတရားမှာလည်း ရည်မှန်းချက်အလိုက် ကျင့်စဉ်တွေ မတူကြဘူး။
လောကီအကျိုးကို ဦးတည်တဲ့ တရားရှိသလို၊ 🧘‍♂️လောကုတ္တရာ နိဗ္ဗာန်ကို ဦးတည်တဲ့ တရားလည်း ရှိတယ်။

လောကီအာရုံဖြင့် လောကုတ္တရာတရားကို အပြည့်အဝ နားလည်ရန်မလွယ်ကူပါ။
လောကုတ္တရာဉာဏ်သည် လောကီအာရုံကိုမှန်ကန်စွာနားလည်သည်။

ဒါကြောင့် "ဘယ်မှာရှာရမလဲ" ဆိုတာထက် "ဘာကိုရှာနေတာလဲ" ဆိုတာ ရှင်းမှ ဘယ်လမ်းကို လျှောက်ရမယ်ဆိုတာလည်း ရှင်းလာတယ်။

ရှာဖွေမှုမစခင် ရှာဖွေလိုသည့်အရာကို အရင်ရှင်းလင်းပါ။ ရှင်းလင်းပြီဆိုမှ လမ်းပြသူကို ရှာဖွေပြီး လမ်းညွှန်မှုကိုခံယူပါ။

မိမိရှာလိုတရားနဲ့အညီ မှန်ကန်တဲ့လမ်းညွှန်မှုနဲ့အတူ မှန်ကန်တဲ့လမ်းညွှန်သူကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ။
🙏🙏🙏

သဗ္ဗေဓမ္မာ အနတ္တာ

#အနိစ္စ
#ဒုက္ခ
#အနတ္တ

✍️ကံ၊ စိတ်၊ ဥတု၊ အာဟာရဒီ(၄)မျိုးက အသိဉာဏ်ပညာဗဟုသုတရှိမယ်၊သင့်တင့်မျှတတဲ့ဥစ္စာဓနရှိမယ်၊ သင့်တော်တဲ့အရပ်မှာနေထိုင်မယ်ဆိုရင...
21/05/2026

✍️ကံ၊ စိတ်၊ ဥတု၊ အာဟာရ
ဒီ(၄)မျိုးက အသိဉာဏ်ပညာဗဟုသုတရှိမယ်၊သင့်တင့်မျှတတဲ့ဥစ္စာဓနရှိမယ်၊ သင့်တော်တဲ့အရပ်မှာနေထိုင်မယ်ဆိုရင်
၈၀% လောက်စီမံလို့ရတယ်။
ဗုဒ္ဓဟောတဲ့ မင်္ဂလာသုတ်ကိုလေ့လာရင် သိနိုင်တယ်။🙏🙏🙏

🧠ကံ(၂)မျိုး
အတိတ်ကံ နဲ့ ပစ္စုပ္ပန်ကံ
ကံဆိုတာ အလုပ်။ ကံကောင်းချင်ရင် ကောင်းတဲ့အလုပ်လုပ်ရပါမယ်။
အတိတ်ကံကို ပြန်သွားပြီးပြင်လို့မရပေမယ့်၊
ယနေ့၊ ယခု ပစ္စုပ္ပန်ကံကို ပိုကောင်းအောင်စီမံလုပ်ဆောင်လို့ရပါတယ်။
ပစ္စုပ္ပန်ကံသည် အနာဂတ်အတွက် အတိတ်ကံဖြစ် တယ်။
ဒီအတွက် စည်းမျဉ်းစည်းကမ်းနဲ့ အလေ့အထကောင်းတွေလိုအပ်တယ်။

❤️စိတ်(၂)မျိုး
ကုသိုလ်စိတ် နဲ့ အကုသိုလ်စိတ်
လောဘ၊ ဒေါသ၊ မောဟနဲ့ လွှမ်းရင် အကုသိုလ် စိတ်ဖြစ်တယ်။
လောဘ၊ ဒေါသ၊ မောဟ ကင်းရင် ကုသိုလ်စိတ်ဖြစ်တယ်။
အကုသိုလ်စိတ်ကို ပယ်နိုင်ရင် ကုသိုလ်စိတ်ကအလိုလိုတိုးလာတယ်။
ကုသိုလ်စိတ်ကို များများလေ့ကျင့်ရင် အကုသိုလ် စိတ်အလိုလိုလျော့သွားတယ်။
ဒီအတွက် အသိဉာဏ်ပညာဗဟုသုတ ကြွယ်ဝခြင်း နဲ့ ဆင်ခြင်သတိပြုခြင်းအလေ့အကျင့်လိုအပ်တယ်။

🌦️ဥတု(၂)မျိုး
ပူခြင်းနဲ့ အေးခြင်း
သဘာဝရဲ့ဥတုအပြောင်းအလဲကို ထိန်းချုပ်နိုင်ဖို့ဆိုတာ ခက်ခဲတယ်။
ကိုယ့်ခန္ဓာဖြစ်ပေါ်လာတဲ့ အပူအအေးကိုပဲ အပြင်ကဥတုနဲ့မျှတအောင် နေထိုင်ရတာက ပိုလွယ်တယ်။ ဥပမာ ပူရင်ရေချိုး၊ အေးရင်အနွေးထည်ထပ် မီးလှုံသလိုမျိုးပေါ့။
ပြင်ပဥတုကို တစိတ်တပိုင်းအနေနဲ့ချိန်ညှိလို့ရတာက
ဥပမာ အဲယားကွန်းတပ်ထားမယ်။
ဒီအတွက် သင့်တော်တဲ့အရပ်ဒေသနဲ့ သင့်တင့်မျှတတဲ့ဥစ္စာဓနလိုအပ်တယ်။

🍲အာဟာရ (၂)မျိုးလည်း ဒီလိုပဲ
ဓာတ်တည့်စာနဲ့ ဓာတ်မတည့်စာ
ခန္ဓာကိုယ်အတွက် အာဟာရက မရှိမဖြစ်လိုအပ်တယ်။ စားချင်တာစားတာထက် စားသင့်စားထိုက်တာကို ရွေးချယ်စားသောက်ပေးဖို့လိုအပ် တယ်။
ဒီအတွက် သင့်တော်တဲ့အရပ်ဒေသနဲ့ သင့်တင့်မျှတတဲ့ဥစ္စာဓနလိုအပ်သလို အသိဉာဏ်ပညာဗဟုသုတလည်းလိုအပ်တယ်။

#အားလုံးကျန်းမာချမ်းသာကြပါစေ။
#ကံ
#စိတ်
#ဥတု
#အာဟာရ



#21/5/2026

31/01/2026

Rise to Better (RTB) Life OS
2026 Version
Coming Soon 👉👉👉
👌👌👌


Address

Tachileik

Website

Alerts

Be the first to know and let us send you an email when Mr.Kwan Hkam posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share