05/04/2026
ကင်ဆာ (Cancer)
၂၅ မတ် ၂၀၂၆
ကင်ဆာရောဂါဆိုတာ ခန္ဓာကိုယ်ရဲ့ ဆဲလ် တွေအကြား အပြန်အလှန် ထိန်းညှိနေထိုင်မှုစနစ် ပျက်ပြားသွားခြင်းပဲ ဖြစ်ပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်တစ်ခုမှာ ဆဲလ်ပေါင်း ထရီလီယံ (၃၀) ခန့်ဟာ ကြီးထွားဖို့၊ လုပ်ငန်းေဆာင်တာ နဲ့ ဆဲလ်အိုမင်း သေဆုံးမှုတို့အတွက် အင်မတန် တင်းကျပ်တဲ့ စည်းမျဉ်းတွေကို လိုက်နာကြရပါတယ်။ ကင်ဆာဖြစ်ပြီဟေ့ ဆိုရင် ဒီစည်းမျဉ်း တွေကို ဆဲလ် တွေက မလိုက်နာတော့ဘဲ အလိုအလျောက် အဆမတန် ပွားများလာပြီး သူတို့ရဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ တစ်ရှူး တွေကိုပါ ကျူးကျော် ဖျက်ဆီးလာပါတော့တယ်။
ကင်ဆာဖြစ်ပေါ်လာပုံ ဇီဝဗေဒဖြစ်စဉ်များ (Biological Foundations)
ကင်ဆာဖြစ်စဉ် (Carcinogenesis) ဆိုတာ ကျနော်တို့ရဲ့ မျိုးဗီဇ (DNA) ညွှန်ကြားချက်တွေ ပျက်ယွင်းရာမှ စတင်ပါတယ်။
ကင်ဆာ
https://www.facebook.com/share/p/18QBBePesP/
ကင်ဆာဖြစ်စေတဲ့ မျိုးဗီဇပြောင်းလဲမှုများ
အဓိကအားဖြင့် မျိုးဗီဇ (၃) မျိုးမှာ အပြောင်းအလဲ (Mutations) ဖြစ်ပေါ်လို့ ကင်ဆာ ဖြစ်ရတာပါ။
Proto-oncogenes (ကင်ဆာရှေ့ပြေး အရှိန်မြှင့်မျိုးဗီဇ)
ဒီမျိုးဗီဇတွေ ပျက်စီးသွားတဲ့အခါ (Oncogenes ဖြစ်လာသောအခါ) ဆဲလ် တွေကို အမြဲတမ်း ပွားများနေစေဖို့ "အဖွင့်ခလုတ်" ကိုပဲ အမြဲ နှိပ်ထားသလိုမျိုး ဖြစ်နေစေပါတယ်။ ကားလိုဆိုရင် သူက လီဗာ (Accelerator) လို့ ဆိုရမှာပေါ့။ အရှိန်မြှင့်ပေးတာ။ ကားတစီးမောင်းရင် ကျနော်တို့ လီဗာ နင်းသင့်တဲ့အချိန်နင်းပြီး အရှိန်တင်ရသလို လိုအပ်တဲ့ နေရာမှာ လီဗာလျှော့ ဘရိတ်နင်း သင့်အချိန် နင်းပြီး အရှိန်လျှော့ရတာမျိုးပါ။ လီဗာပဲ ဆက်တိုက်နင်းထားရင် အကွေ့တို့၊ ရှေ့က တခုခု ဖြတ်တာတို့မှာ တိုက်သွား၊ မှောက်သွားမှာပါပဲ။ ဆိုတော့ ဒီဗီဇ ချို့ယွင်းမှုကို လီဗာ ချို့ယွင်းမှုလို့ မှတ်ယူနိုင်ပါတယ်။
Tumor Suppressor Genes (အကျိတ်တားမျိုးဗီဇ)
ဒီကောင်တွေကတော့ ဆဲလ်တွေ အလွန်အကျွံ မပွားအောင် တားပေးတဲ့ "ဘရိတ်" လိုပါပဲ။ သူတို့ ပျက်စီးသွားရင်လည်း ဆဲလ်ပွားခြင်းကို မတားနိုင်တော့ပါဘူး။ အရှိန်ထိန်းပေးရမယ့်နေရာ ဘရိတ် နင်းဖို့လိုတယ်။ ဘရိတ် ပေါက်သွားရင်လည်း မှောက်တာ၊ တိုက်တာ ဖြစ်ကုန်မှာပါပဲ။
DNA Repair Genes (DNA ပြုပြင်ရေးမျိုးဗီဇ)
သူက ဆဲလ်များ ပွားတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ အမှား တွေကို ပြုပြင်ပေးပါတယ်။ သူက အထိန်းပေါ့။ လမ်းမှား မရောက်အောင် လိုက်ပြင်ပေးတာ။ ဆဲလ်ပွားတဲ့ အဆင့် အလိုက် စစ်ဆေးရေးဂိတ် (check point) တွေထားပြီး စစ်ဆေး၊ ပြုပြင်ပေးတယ်။ အလွဲအမှားပါလာရင် အဲ့ဒီနားမှာ တင် ခဏ ရပ်ထားပြီး ပြုပြင်ပေးတယ်။ သူတို့ ချို့ယွင်းသွားရင် DNA ပျက်စီးမှုတွေ ပိုမိုများပြားလာပြီး ကင်ဆာဖြစ်ဖို့ အားပေးပါေတာ့တယ်။ (ဥပမာ- BRCA1/2 မျိုးဗီဇ)
ကင်ဆာဆဲလ်တွေရဲ့ ထူးခြားချက် (Hallmarks)
ကင်ဆာဆဲလ် တွေမှာ သာမန်ဆဲလ် တွေနဲ့ မတူတဲ့ စွမ်းရည်တွေ ရရှိလာကြပါတယ် -
Apoptosis လို့ ခေါ်တဲ့ (အလိုအလျောက် သေဆုံးခြင်း) ကို ရှောင်လွှဲနိုင်လာပါတယ်။ ပုံမှန်ဆိုရင် ဆဲလ်များ ပျက်စီးတဲ့အခါ၊ အိုမင်းရင့်ရော်တဲ့အခါ သေဆုံးပေးရမယ့် အချက်ပေး သံကို လိုက်နာပြီး သူ့ဘာသာ သေဆုံးသွားကြပါတယ်။ ကင်ဆာဆဲလ်တေွကေတာ့ ဒီအချက်ပေးသံတွေကို လျစ်လျူရှုနိုင်စွမ်းရှိကြပါတယ်။
ဒုတိယစွမ်းရည်ကေတာ့ ကင်ဆာဆဲလ်တွေဟာ အမြဲတမ်း ပွားများနိုင်ကြတာပါပဲ။ သာမန်ဆဲလ် တွေလို အကြိမ်ရေ ကန့်သတ်ချက်မရှိဘဲ အဆက်မပြတ် ပွားများနိုင်ကြတာပါ။ သာမန်ဆဲလ်တွေဆို Hayflick Limit ရောက်ရင် ဆဲလ်ကွဲပွားတာ ရပ်လိုက်ကြရပါတယ်။ သူတို့ကတော့ ဆက်ပွားနေနိုင်ကြတာပါပဲ။
နောက်စွမ်းရည်တခုက သူတို့ ဆက်လက် အသက်ရှင်ကြီးထွားနိုင်ဖို့ Angiogenesis လို့ ခေါ်တဲ့ သွေးကြောသစ်ဖန်တီးခြင်း စွမ်းရည်ပါပဲ။ သူတို့ ကြီးထွားဖို့နဲ့ အာဟာရရရှိစေဖို့ သွေးကြောသစ်တွေကို သူတို့ဆီ ရောက်အောင် ဆွဲယူနိုင်ကြပါတယ်။
နောက်ဆုံးစွမ်းရည်ကတော့ Metastasis လို့ ခေါ်တဲ့ ပျံ့နှံ့ခြင်း ပါပဲ။ မူလ ကင်ဆာ စတင်ဖြစ်ပွားရာနေရာကနေ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေဆီကို သွေးကြော သို့မဟုတ် ပြန်ရည်ကြော တွေက တစ်ဆင့် ပျံ့နှံ့ ရောက်ရှိနိုင်ကြခြင်း ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကင်ဆာအခြေအနေ (Global Epidemiology)
၂၀၂၂ ခုနှစ် အချက်အလက်များအရ တစ်ကမ္ဘာလုံးတွင် ကင်ဆာအသစ် ဖြစ်ပွားသူ သန်း (၂၀) ခန့် ရှိပြီး (၉.၇) သန်း သေဆုံးခဲ့ပါတယ်။
အဖြစ်အများဆုံးကတော့ အဆုတ်ကင်ဆာ (၁၂.၄%)၊ ရင်သားကင်ဆာ (၁၁.၆%)၊ အူမကြီးကင်ဆာ (၉.၆%) တို့ဖြစ်ကြပါတယ်။
သေဆုံးမှု အများဆုံးမှာလည်း အဆုတ်ကင်ဆာဟာ ကင်ဆာကြောင့် သေဆုံးမှုအားလုံးရဲ့ ၁၈.၇% နဲ့ ပထမနေရာတွင် ရှိနေပါတယ်။
၂၀၅၀ ခုနှစ်မှာ ကင်ဆာဖြစ်ပွားမှုနှုန်းဟာ ၇၇% အထိ မြင့်တက်လာ နိုင်ပြီး ကင်ဆာလူနာသစ် (၃၅) သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းကြပါတယ်။
မြန်မာနိုင်ငံ၏ ကင်ဆာအခြေအနေ (Oncology in Myanmar)
မြန်မာနိုင်ငံဟာ အာရှဒေသတွင် ကင်ဆာဖြစ်ပွားမှုနှုန်း (ASR 135.5) အနည်းငယ် နည်းပါးသော်လည်း ရောဂါရှာဖွေမှု နောက်ကျခြင်းကြောင့် သေဆုံးမှုနှုန်းကေတာ့ မြင့်မားနေဆဲ လို့ ဆိုပါတယ်။
ကျား/မ အလိုက် အဖြစ်များသော ကင်ဆာတွေ တွေကတော့ အမျိုးသား တွေမှာ အဆုတ် (၁၈.၁%)၊ အသည်း (၁၄.၈%)၊ ပါးစပ်နှင့် အာခေါင် (၁၃.၀%) တို့ဖြစ်ကြပါတယ်။
အမျိုးသမီး တွေမှာတော့ ရင်သား (၂၁.၂%)၊ သားအိမ်ခေါင်း (၁၃.၀%)၊ အဆုတ် (၁၀.၃%) တို့ ဖြစ်ကြတယ် ဆိုပါတယ်။
ကင်ဆာ ဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်း ကတော့ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုမှာ အမျိုးသားများအကြား ကင်ဆာဖြစ်ပွားမှုရဲ့ ၇၀.၆% တွင် ပါဝင်ပတ်သက်နေပါတယ်။
ဒါ့အပြင် ကွမ်းယာစားခြင်းကြောင့် ပါးေစာင်ကင်ဆာ အဖြစ်များပါတယ်။
ရောဂါရှာဖွေရေး နည်းပညာများ (Diagnostic Frameworks)
ရောဂါကို စောစီးစွာ ရှာဖွေနိုင်ခြင်းက အသက်ရှည်နိုင်ခြေကို အများဆုံး မြှင့်တင်ပေးနိုင်ပါတယ်။
ရောဂါ ရှာရာမှာ အသုံးများဆုံးဖြစ်တဲ့ Imaging (ပုံရိပ်ဖော်ခြင်း) မှာ CT scan, MRI အပြင် PET scan တို့ဟာ ဆဲလ်တွေရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုပါ ဖော်ပြနိုင်တာကြောင့် ကင်ဆာကျိတ် ပျံ့နှံ့မှုကို သိရဖို့ အလွန်အင်မတန် အထောက်အကူဖြစ်ပါတယ်။
နောက်တနည်းကတော့ ကင်ဆာကျိတ်ကနေ Biopsy လို့ခေါ်တဲ့ အသားစယူ စစ်ဆေးတာပါ။ ကင်ဆာလို့ အတည်ပြုဖို့အတွက်ဆို အသားစယူ စစ်ဆေးခြင်းကို မဖြစ်မနေ လုပ်ဆောင်ကြပါတယ်။
ဒီနေ့ခေတ် အဆင့်မြင့်နည်းပညာ တွေပေါ်လာတော့ သွေးကိုစစ်ဆေးပြီး ကင်ဆာ DNA များကို ရှာဖွေတဲ့ Liquid Biopsy နဲ့ AI ကို အသုံးပြု၍ ပုံရိပ်များကို စစ်ဆေးသည့် နည်းလမ်းများ ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။ DNA sequencing လုပ်ပြီးလည်း တိတိကျကျ ရှာဖွေဖော်ထုတ်နေကြပါပြီ။
ကင်ဆာအဆင့် ခွဲခြားခြင်း
ကင်ဆာအမျိုးအစားအပေါ်မူတည်ပြီး အဆင့် ခွဲခြားသတ်မှတ်နည်းတွေ ရှိကြပါတယ်။ ဥပမာ သားအိမ်ခေါင်းကင်ဆာဆို Manchester Staging တို့ FIGO staging တို့ ရှိသလို ISS ဆိုတဲ့ International Staging System တို့ TNM Staging တို့ ရှိကြပါတယ်။
TNM Staging System ဆိုတာ ကမ္ဘာတစ်ဝှမ်းမှာ ကင်ဆာအဆင့်ခွဲခြားဖို့ အသုံးအများဆုံး စံနှုန်းဖြစ်ပြီး အက္ခရာ ၃ လုံးရဲ့ အဓိပ္ပာယ်ကို အောက်ပါအတိုင်း အကျဉ်းချုပ် မှတ်သားနိုင်ပါတယ် -
၁။ T (Tumor) - မူလအကျိတ်၏ အခြေအနေ
မူလကင်ဆာကျိတ်ရဲ့ အရွယ်အစား နဲ့ ဘေးပတ်ဝန်းကျင် တစ်ရှူးတွေထဲကို ဘယ်လောက်အထိ ထိုးဖောက်ဝင်ရောက် နေသလဲဆိုတာကို ကြည့်ပါတယ်။
TX: အကျိတ်ကို တိုင်းတာ၍မရခြင်း။
T0: မူလအကျိတ်ကို ရှာမတွေ့ခြင်း။
Tis: ကင်ဆာဆဲလ်များ ရှိနေသော်လည်း မူလနေရာမှာတင် ရှိနေပြီး ဘေးတစ်ရှူးထဲ မပြန့်သေးခြင်း (In situ)။
*** T1, T2, T3, T4 - နံပါတ်ကြီးလေလေ အကျိတ်အရွယ်အစား ပိုကြီးလေ သို့မဟုတ် ဘေးပတ်ဝန်းကျင်ကို ပိုမိုထိုးဖောက်လေ ဖြစ်ပါတယ်။
၂။ N (Nodes) - ပြန်ရည်ကျိတ်များသို့ ပြန့်နှံ့မှု
ကင်ဆာဆဲလ်တွေဟာ အနီးအနားမှာရှိတဲ့ ပြန်ရည်ကျိတ် (Lymph Nodes) တွေဆီ ရောက်နေပြီလားဆိုတာကို ကြည့်ပါတယ်။
NX: ပြန်ရည်ကျိတ်များကို စစ်ဆေး၍မရခြင်း။
N0: အနီးနားရှိ ပြန်ရည်ကျိတ်များဆီ ကင်ဆာမပြန့်သေးခြင်း။
*** N1, N2, N3: ကင်ဆာပြန့်နေတဲ့ ပြန်ရည်ကျိတ် အရေအတွက် ပိုများလာခြင်း သို့မဟုတ် ဝေးလံသော ပြန်ရည်ကျိတ်များဆီ ရောက်ရှိခြင်းကို ဆိုလိုပါတယ်။
၃။ M (Metastasis) - အဝေးအင်္ဂါများသို့ ပြန့်နှံ့မှု
ကင်ဆာဟာ မူလနေရာကနေ ခန္ဓာကိုယ်ရဲ့ အဝေးက အင်္ဂါအစိတ်အပိုင်းတွေ (ဥပမာ - အသည်း၊ အဆုတ်၊ အရိုး၊ ဦးနှောက်) ဆီကို သွေးကြော သို့မဟုတ် ပြန်ရည်ကြောကတစ်ဆင့် ပြန့်သွားပြီလားဆိုတာကို ကြည့်ပါတယ်။
M0 ဆိုရင် တခြားအဝေးက အင်္ဂါများဆီ ကင်ဆာမပြန့်သေးဘူးေပါ့။
M1 ဆိုရင် တခြားအင်္ဂါများဆီ ကင်ဆာပြန့်နှံ့သွားခြင်း (ဒါကို Stage 4 လို့ သတ်မှတ်ပါတယ်)။
အနှစ်ချုပ် အဆင့်သတ်မှတ်ပုံ (Overall Staging)
ဆရာဝန်တွေက အထက်ပါ T, N, M အဖြေတွေကို ပေါင်းစပ်ပြီး Stage 1 ကနေ 4 အထိ အုပ်စုပြန်ခွဲပါတယ်။
ဆိုရင် အကျိတ်သေးပြီး မပြန့်သေး (T ငယ်၊ N0, M0)။
& 3 ဆိုရင် အကျိတ်ကြီးလာပြီး အနီးနား ပြန်ရည်ကျိတ်တွေဆီ ပြန့်လာ (T ကြီး၊ N ရှိ၊ M0)။
ဆိုရင်ေတာ့ အဝေးအင်္ဂါတွေကို ပြန့်သွား ပါပြီ။ ( T နဲ့ N က ဘယ်အဆင့် ဖြစ်နေပါစေ၊ M1 ဖြစ်လျှင် Stage 4 ပါ)။
ဒီ TNM သတ်မှတ်ချက်တွေကို အခြေခံပြီး လူနာအတွက် အကောင်းဆုံး ကုသမှုပုံစံ (ခွဲစိတ်မလား၊ ဓာတ်ရောင်ခြည်ပေးမလား၊ ဆေးသွင်းမလား) ကို ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။
ကုသရေးဆိုင်ရာ ယန္တရားများ (Therapeutic Mechanisms)
ကုသရေးကလည်း ကင်ဆာ ဖြစ်တဲ့ နေရာ အမျိုးအစား အလိုက်ရယ်၊ ဖြစ်နေတဲ့ ကင်ဆာအဆင့်ရယ် အပေါ်မူတည်ပြီး ခွဲစိတ်မလား၊ မခွဲဘူးလား။ ပြီးရင် ဘယ်လိုကုထုံးနဲ့ သွားမလဲ ဆိုတာ ဆုံးဖြတ်ကြပါတယ်။
(၁) Chemotherapy (ဓာတုကုထုံး)
လျင်လျင်မြန်မြန် ပွားများနေတဲ့ ကင်ဆာ ဆဲလ် တွေကို ပစ်မှတ်ထား သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။
အားနည်းချက်ကတော့ ကင်ဆာဆဲလ်တင်မကဘဲ ခန္ဓာကိုယ်ထဲမှ အပွားမြန်တဲ့ ဆဲလ် အကောင်းတွေကိုပါ ထိခိုက်စေလို့ ဆံပင်ကျွတ်ခြင်း၊ ပျို့အန်ခြင်းများ ဖြစ်စေပါတတ်ပါတယ်။
(၂) Targeted Therapy (ပစ်မှတ်ထား ကုထုံး)
ဒီနေ့ခေတ်မှာ ကင်ဆာဆဲလ် တွေမှာသာပါရှိတဲ့ သီးသန့် မျိုးဗီဇပြောင်းလဲမှု (mutations ) ဒါမှမဟုတ် ပရိုတင်း (Receptor) တွေကိုသာ ရွေးချယ် ပိတ်ဆို့တဲ့ ကုထုံး ဖြစ်ပါတယ်။
သူ့ရဲ့အားသာချက် ကတော့ သာမန်ဆဲလ် အကောင်းတွေကို ထိခိုက်မှုနည်းပြီး တိကျမှု မြင့်မားတယ်ဆိုပါတယ်။
(၃) Immunotherapy (ခုခံအားမြှင့် ကုထုံး)
ဒါကတော့ အဆင့်မြင့် နည်းစနစ်ပါ။ လူနာရဲ့ ကိုယ်ပိုင် ခုခံအားစနစ် (T-cells) က ကင်ဆာကို ပြန်လည် တိုက်ခိုက်နိုင်အောင် ပြုပြင် ပေးတာပါ။
ဥပမာ CAR-T Cell Therapy မှာ လူနာရဲ့ ခုခံအားဆဲလ်ေတွကို ထုတ်ယူပြီး ဓာတ်ခွဲခန်းမှာ ကင်ဆာကို တိုက်ခိုက်နိုင်စွမ်း ရှိအောင် ပြင်ဆင်ပြီးမှ ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးတဲ့ အဆင့်မြင့် နည်းပညာ ဖြစ်ပါသည်။ ဈေးနှုန်းကလည်း လူတိုင်းလက်လှမ်းမမီတဲ့ ဈေးနှုန်းတွေပါ။
(၄) ဓာတ်ရောင်ခြည်ကုထုံး (Radiation Therapy)
အရပ်အခေါ်ကတော့ ဓာတ်ကင်တယ်ပေါ့။ စွမ်းအင်မြင့်ရောင်ခြည်တွေနဲ့ ကင်ဆာဆဲလ်ရဲ့ DNA ကို တိုက်ရိုက်ဖျက်ဆီးပြီး အကျိတ်ကို သေးငယ်စေကာ ပျံ့နှံ့မှုကို ထိန်းချုပ်ပေးတဲ့ ထိရောက်သည့် ကုသမှုဖြစ်ပါတယ်
ခွဲစိတ်ရန်မလိုဘဲ အင်္ဂါအစိတ်အပိုင်းများကို မထိခိုက်စေဘဲ ကုသနိုင်သော်လည်း (မခွဲစိတ်မီလည်း အကျိတ်သေးသွားအောင် ဒီနည်းနဲ့ ကုသတာမျိုးလည်း ရှိပြန်ပါတယ်) ကုသသည့်နေရာတစ်ဝိုက်ရှိ ကျန်းမာတဲ့ ဆဲလ်အချို့ ထိခိုက်မှုကြောင့် အသားအရေနီမြန်းခြင်းနှင့် နုံးခွေခြင်းကဲ့သို့ ယာယီဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။
ဒါပေမယ့် ခေတ်မီနည်းပညာ တွေကြောင့် ဘေးထွက်ဆိုးကျိုးနည်းပါးစွာနဲ့ ကင်ဆာဝေဒနာကို သိသိသာသာ သက်သာလျော့ပါးစေနိုင်သည့် အကျိုးကျေးဇူးရှိပြန်ပါတယ်။
ကာကွယ်ခြင်းနှင့် အနာဂတ်အလားအလာ
ကင်ဆာကြောင့် သေဆုံးမှုရဲ့ ၃၀% မှ ၅၀% မှာ ကြိုတင်ကာကွယ်နိုင်သော အချက်များကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ကင်ဆာကာကွယ်ဖို့ဆိုရင် ဆေးလိပ်ရှောင်ခြင်း၊ ကိုယ်အလေးချိန် ထိန်းခြင်း၊ ကင်ဆာအားပေးတဲ့ အစားအစာ (Carcinogenic) တွေ ရှောင်ရှားခြင်း၊ အသီးအနှံများများစားခြင်းနှင့် HPV, Hepatitis B ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ လုပ်လို့ရပါတယ်။
မြန်မာနိုင်ငံမှာေတာ့ ၂၀၃၀ မှာ HPV ကာကွယ်ဆေး ၉၀% ထိုးနှံနိုင်ဖို့နဲ့ သားအိမ်ခေါင်းကင်ဆာကို အမြစ်ပြတ် တိုက်ဖျက်နိုင်ဖို့ အမျိုးသားအဆင့် စီမံကိန်းများ ချမှတ်ထားေကြာင်း ဖော်ပြထားပါတယ်။
ကင်ဆာ သုတေသန အဖွဲ့ကြီးများ
IARC ဆိုတာ WHO ရဲ့ ကင်ဆာ သုတေသနဌာန (ပြင်သစ်) ဖြစ်ပါတယ်။
National Cancer Institute (NCI) ဆိုတာကတော့ အမေရိကန်က ကမ္ဘာ့အကြီးဆုံး ကင်ဆာသုတေသန ရန်ပုံငွေပေးသည့်အဖွဲ့ (အမေရိကန်) ဖြစ်ပါတယ်။
American Cancer Society (ACS) ကတော့ လူနာများအား ကူညီပံ့ပိုးပေးနေသော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်ပါတယ်။
ကင်ဆာ နဲ့ ပတ်သက်ပြီး အမှာစကား (Take-Home Message)
၁။ ကင်ဆာဟာ မျိုးဗီဇရောဂါဖြစ်ပေမယ့် မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်ခဲပါတယ်။ ၉၀% ကျော်သော ကင်ဆာများဟာ ပတ်ဝန်းကျင်နဲ့ နေထိုင်မှုပုံစံကြောင့် နောက်မှဖြစ်လာတဲ့ DNA ပျက်စီးမှုများကြောင့်သာ ဖြစ်ပါတယ်။
၂။ အချိန်သည် အသက်ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အလုံးအကျိတ်၊ သွေးထွက်ခြင်း ဒါမှမဟုတ် အလေးချိန်ကျခြင်းလိုမျိုး ထူးခြားတဲ့ အပြောင်းလဲတွေ (၂) ပတ်ထက် ပိုကြာနေရင် ဆရာဝန်နဲ့ ပြသပါ။
၃။ ကာကွယ်ခြင်းသည် အထိရောက်ဆုံးဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းနဲ့ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးခြင်းဟာ ခင်ဗျားတို့အသက်ကို အမှန်တကယ် ကယ်တင်နိုင်ပါတယ်။
၄။ ကင်ဆာဆိုတာ ကုသလို့ရတဲ့ ရောဂါဖြစ်လာပါပြီ။ လက်ရှိမှာ ဈေးကြီးနေသေးပေမယ့် CAR-T, CAR-NK တို့လို ကုထုံးတွေဟာ အစွမ်းထက်လာကြမှာ အသေချာပါပဲ။ ဒီနေ့ခေတ်မှာ နည်းပညာအသစ် တွေကြောင့် ကင်ဆာကို ပျောက်ကင်းအောင် သို့မဟုတ် ရေရှည် ထိန်းချုပ်ထားနိုင်သော ရောဂါတစ်ခုအဖြစ် ကုသလာနိုင်ပြီ ဖြစ်ပါတယ်။
Crd Myanmar