20/04/2023
အလုပ်လုပ်နေတဲ့ လူငယ်တွေဖတ်ဖို့ ၅၀/၃၀/၂၀ ငွေသုံးနည်း............................................................
သင်ဟာ အလုပ်လုပ်နေပြီဖြစ်တဲ့ လူငယ်တစ်ယောက်ဆိုရင် အခုလုပ်နေတာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုလား? ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်း စဖို့ရောကြံနေပြီလား? ဘယ်သူမှတော့ ဝန်ထမ်းဘဝနဲ့ တစ်သက်လုံးနေချင်မှာ မဟုတ်ဘူးလေ။ အချိန်တစ်ခုရောက်ရင် ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုစဖို့ဆိုတာ စဉ်းစားထားကြမှာပဲ။ အထူးသဖြင့် Retirement Saving ဆိုတာမျိုးတွေ သေချာမရှိတဲ့ ကျွန်တော်တို့လိုနိုင်ငံမှာဆို ပိုစဉ်းစားကြတယ်။ ဒီအတွေးက Millennial လို့ခေါ်တဲ့ အခု Adult အရွယ်ရောက်လာပြီဖြစ်တဲ့ ၁၉၈၀ ကျော် နဲ့ ၁၉၉၀ ကျော်ဖွားတွေမှာ ပိုရှိကြတယ်။ ဒီ Millennial မျိုးဆက်တွေဟာ ပြိုင်ဆိုင်လိုစိတ်များတယ်၊ အမြန်အောင်မြင်ချင်ကြတယ်၊ Entrepreneur ဆိုတဲ့ စွန့်ဦးတီထွင်သူတွေရဲ့ ဘဝကို ရူးသွပ်တယ်၊ ငွေဆိုတာ ဘဏ်မှာစုထားတာထက် ရင်းနှီးမြုပ်နှံသင့်တဲ့ အရာတစ်ခု၊ Make money work for you ဆိုတဲ့အတိုင်း ငွေကိုကိုယ့်အတွက်အလုပ်လုပ်ခိုင်းရမယ် ဆိုတာတွေကို အရင်မျိုးဆက်တွေထက် ပိုလက်ခံလာကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ Millennial တွေအရွယ်ရောက်လာတဲ့ ခေတ်က Gadgets တွေ၊ Luxury ပစ္စည်းတွေ ပိုပေါလာပြီး ဝယ်ချင်စရာ သုံးချင်စရာတွေများလာတဲ့ ခေတ်ပါ။ နိုင်ငံကလည်း Open ဖြစ်လာတော့ နိုင်ငံရပ်ခြားထိ စျေးတွေထွက်ဝယ်ကြသလို Foreign Brands တွေကိုလည်း Online ကဖြစ်စေ၊ Local Brand Outlet တွေမှာ ဖြစ်စေ အလွယ်တကူဝယ်လို့ရတဲ့ အခြေအနေဖြစ်နေပါပြီ။ ဒီတော့ အပြိုင်အဆိုင်များတဲ့ Millennial တွေခမျာ တစ်ဖက်မှာ ငွေက မစုမိပဲ ရှာမလောက်ဖြစ်နေပြန်တယ်။ ဒါတောင် Credit Card တွေအလွယ်တကူမရနိုင်သေးတာ ကျေးဇူးတင်ရမလိုပဲ။ ဒီတော့ တစ်ချိန်မှာ ကိုယ်က ကိုယ်ပိုင်လုပ်ငန်းတစ်ခုပိုင်ဆိုင်ပြီး ငွေကိုခိုင်းစားမယ်ဆိုရင် အခုကတည်းက Financial Planning ကိုသေချာလုပ်ရပါမယ်။ အခုချိန်မှာ လခစားပဲဖြစ်ဖြစ် လုပ်ငန်းအသေးလေးတည်ထောင်ထားသူပဲဖြစ်ဖြစ် ငွေကိုသုံးစွဲရာမှာ စနစ်တကျသုံးတတ်စွဲတတ်ရပါမယ်။ ဟားဗက်တက္ကသိုလ်က Professor Elizabeth Warren ပြောတဲ့ ငွေသုံးစွဲတဲ့နည်း 50/30/20 rule ကို ပြောပြချင်ပါတယ်။ Warren က ကိုယ့်ဝင်ငွေရဲ့ ၅၀% ကို "လိုအပ်"တာတွေအတွက် သုံး၊ ၃၀% ကို "လိုချင်" တာတွေအတွက်သုံးပြီး၊ ကျန်တဲ့ ၂၀% ကို "စုဆောင်း မြုပ်နှံ"ရမယ်လို့ဆိုပါတယ်။
▪️"လိုအပ်တာတွေအတွက် ၅၀%"
ဝင်ငွေရဲ့ ၅၀% သုံးရမယ့် "လိုအပ်" တာတွေဆိုတာက မိမိရှင်သန်နေထိုင်ဖို့ အခြေခံလိုအပ်တဲ့ အရာတွေပါ။ ဥပမာ၊ အိမ်ငှားခတွေ၊ ကျောင်းစရိတ်တွေ၊ ရေဖိုး မီးဖိုး ဖုန်းဖိုး ဆီဖိုး တွေ၊ စားသောက်စရိတ် စတာတွေပါပါတယ်။
▪️"လိုချင်တာတွေအတွက် ၃၀%"
စားသောက်ဆိုင်ကြီးတွေတက်စားတာ၊ ရုပ်ရှင်သွားကြည့်တာ၊ အပျော်အပါးခရီးထွက်တာ နဲ့ အကောင်းစား ဖုန်းဟန်းဆက်တွေ၊ ဒါတွေက "လိုချင်"တဲ့ ဟာတွေပါ။ "လိုချင်"တာတွေအတွက် ဝင်ငွေရဲ့ ၃၀% ကိုပဲ ဖယ်သုံးပါ။ နောက်ဆုံးပေါ် Gadget တွေအစား ခရီးထွက်တာကိုတော့ အားပေးပါတယ်၊ ခရီးသွားကြည့်ပါ၊ အမြင်ကျယ်လာပြီး ဗဟုသုတတွေ စီးပွားရေးနဲ့ ပတ်သက်တဲ့ အတွေးအခေါ်သစ်တွေရနိုင်ပါတယ်။
▪️"စုဆောင်း မြုပ်နှံဖို့အတွက် ၂၀%"
ကျန်တဲ့ ၂၀% ကိုတော့ အနာဂတ်မှာ ကိုယ်လုပ်မယ့်လုပ်ငန်းအတွက် စုဆောင်းပါ မိတ်ဆွေတွေနဲ့ ပဲဖြစ်ဖြစ် ရင်းနှီးမြုပ်နှံသင့်တဲ့ လုပ်ငန်းတွေမှာ မြုပ်နှံပါ။
အချုပ်ပြောရရင် အခုကတည်းက အနာဂတ်အတွက် Financial Planning ကိုစလုပ်ပါ။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စုပြီး စီးပွားရေးလေးတစ်ခုလောက် အစပျိုး ရင်းနှီးမြုပ်နှံကြပါ။
Credit: HAIM Accountancy